
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ထဲမှာ အောက်တိုဘာ ၁၄ ရက် ည ၇ နာရီခွဲဝန်းကျင်က စစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် လူနေအိမ် ၅ လုံးထက်မနည်း ပျက်စီးခဲ့တယ်လို့ မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ဆီကနေ သိရပါတယ်။
မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက “မုံရွာမြို့နယ်ထဲမှာရှိတဲ့ မအူ စစ်တပ်အထိုင်စခန်းကနေ မုံရွာအနောက်တောင်ခြမ်းက ရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ လူနေအိမ် ၅ လုံးထက်မနည်း ပျက်စီးသွားခဲ့ပါတယ်။ ပြည်သူထိခိုက်မှုတွေကိုတော့ ဆက်လက်စုံစမ်းနေဆဲပါ” လို့ ပြောပါတယ်။
မန္တလေး-မုံရွာ ကားလမ်းပေါ်မှာရှိတဲ့ အဆိုပါ မအူ စစ်ကောင်စီအထိုင်စခန်းကနေ ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ မကြာခဏ ပစ်ခတ်နေတာလို့လည်း ဆိုပါတယ်။
မုံရွာအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “လက်နက်ကြီးတွေနဲ့က မကြာခဏ ပစ်ခတ်နေတာ၊ အခုပစ်တာကလည်း လက်နက်ကြီး ၆ လုံး ပစ်တာ။ တိုက်ပွဲဖြစ်တာမရှိဘဲနဲ့ကို ပြည်သူတွေနေတဲ့ ရွာဘက်တွေကို ဦးတည်ပြီး ရမ်းပစ်နေတာပါ။ အိမ် ၅ လုံးလောက် ပျက်စီးသွားတဲ့ရွာက မုံရွာ-အမြင့်လမ်းဘေးမှာရှိတဲ့ ဘုဘရွာထဲကို လက်နက်ကြီးကျည် ၂ လုံး ကျရောက်ပေါက်ကွဲလို့ပါ။ တိုက်ပွဲဖြစ်နေတာ မရှိပါဘူးဗျ” လို့ DVB ကို ပြောပါတယ်။
အောက်တိုဘာ ၁၅ ရက် နေ့လယ်ပိုင်းမှာလည်း မုံရွာမြို့နယ်ထဲက ကျောက္ကာ ရွှေဂူနီဘုရားမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ပတ်ဝန်းကျင် ကျေးရွာတွေ ဘက်ကို လက်နက်ကြီးတွေနဲ့ ထပ်မံပစ်ခတ်နေပြီး ထိခိုက်ပျက်စီးတဲ့ မြေပြင်အခြေအနေကို စုံစမ်းနေဆဲ ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ အခု အောက်တိုဘာလအတွင်းမှာ မုံရွာမြို့နယ်နဲ့ ချောင်းဦးမြို့နယ်တွေထဲကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေအပြင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေကို ဆက်တိုက်လုပ်ဆောင်နေတာကြောင့် ပြည်သူတွေအနေနဲ့ သတိနဲ့သွားလာနေထိုင်ကြဖို့ တိုက်တွန်းထားတယ်လို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။