
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ အောက်တိုဘာ ၄ ရက် မနက်ပိုင်းက ရဲတပ်ဖွဲ့ဝင်တွေ စီးလာတဲ့ကားကို ကြားဖြတ်တိုက်ခိုက်ခဲ့လို့ ဒုရဲအုပ်တယောက် အပါအဝင် ရဲတပ်ဖွဲ့ဝင် ၄ ယောက် သေဆုံးခဲ့သလို လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ Budalin Mobile Team (BMT) က ရုပ်သံမှတ်တမ်းတွေနဲ့အတူ အောက်တိုဘာ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။
တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “ရွာတွေဘက်ကိုဆင်းပြီး ဆက်ကြေးတောင်းဖို့ ထွက်လာတဲ့ Honda Fit ကားကို မုံရွာမြို့နယ်ထဲမှာရှိတဲ့ သာစည်လမ်း-အက်တောအဝိုင်းပတ်မှာ ကြားဖြတ် တိုက်ခိုက်ခဲ့တာ” လို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို မုံရွာခရိုင် တပ်ရင်း ၂၊ တပ်ခွဲ ၁ ရွာဇော်ကြီး-တော်လှန်အသံတပ်ခွဲနဲ့အတူ မဟာမိတ်တွေဖြစ်ကြတဲ့ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (မုံရွာမြို့နယ် ပလဖ)၊ ကျောင်းသားတပ်တော် (SAF)၊ Budalin Mobile Team-BMT (ဘုတလင်မြို့နယ် ရွေ့လျားစစ်ကြောင်း) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာလို့ ဆိုပါတယ်။
ပကဖ တာဝန်ခံတယောက်က “ရဲတွေက မကြာခဏဆိုသလို အဲဒီကားနဲ့ ရွာတွေဘက်ကိုထွက်ပြီး ဆက်ကြေးတောင်းလေ့ရှိတယ်။ အခုလည်း သတင်းကြိုရလို့ သာစည်လမ်း-အက်တော အဝိုင်းပတ်က စောင့်ပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အခါမှာ ကားပေါ်မှာပါလာတဲ့ ဒုရဲအုပ်သိန်းဇော် အပါအ၀င် ရဲ ၄ ယောက်လုံး သေတယ်။ ကားကတော့ ဆက်မောင်းလို့ မရတော့တာကြောင့် လက်နက်တွေပဲ သိမ်းပြီး ပြန်ဆုတ်လာခဲ့ကြတာပါ” လို့ ပြောပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေဆီကနေ G3 သေနတ် ၂ လက်၊ ၉ မမ ပစ္စတိုသေနတ် ၁ လက်၊ ဖုန်း ၅ လုံး သိမ်းဆည်းရရှိခဲ့ပါတယ်။
ပြည်သူတွေအနေနဲ့လည်း ရဲကား၊ စစ်ကားတွေနဲ့ နီးကပ်စွာ မောင်းနှင်တာတွေ မပြုလုပ်ကြဖို့ တိုက်တွန်းထားတယ်လို့ မုံရွာအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။


