
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နားမှာ အောက်တိုဘာ ၄ ရက် ညနေပိုင်းက ကင်းလှည့်လာတဲ့ စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရလို့ ၃ ယောက် သေဆုံးပြီး ၁၀ ယောက်ကျော် ဒဏ်ရာရတယ်လို့ သိရပါတယ်။
မအူရွာအနီး စစ်ဆေးရေးဂိတ်ကနေ ကင်းလှည့်လာရင်း မုံရွာမြို့ရဲ့တောင်ဘက် တမိုင်လောက်အကွာ တံတားတခုအောက်မှာ ညနေ ၅ နာရီခွဲလောက်က မိုင်းဆွဲခံရတာ ဖြစ်ပါတယ်။
အနီးအနားကျေးရွာနေ ပြည်သူတယောက်က “ပေါက်ကွဲတဲ့အသံကြီး အရင်ဆုံးကြားလိုက်ရတယ်။ နောက်ပြီး လက်နက်ငယ်တွေ အပြန်အလှန်ပစ်တာတွေလည်း ကြားလိုက်ရတယ်။ တိုက်ပွဲအတွင်း အသေအဆုံး၊ အထိအခိုက်ကတော့ ဘာမှမသိရသေးဘူး” လို့ ပြောပါတယ်။
မိုင်းဆွဲခံရတာကြောင့် စစ်တပ်ဘက်က ၃ ယောက်သေ၊ ၁၀ ယောက်ကျော် ဒဏ်ရာရတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
ဒေသခံ ရဲဘော်တယောက်က “ကင်းပုန်းဝပ်ဖို့ အင်အား ၂၀နဲ့ ထွက်လာတဲ့စစ်ကားကို ကျနော်တို့ ကာကွယ်ရေးတပ်က မိုင်း ၄ လုံးတွဲ ၄ နေရာကနေ ခွဲပြီး မိုင်းအရင်ဆွဲတာ။ အဲလိုဆွဲပြီး လက်နက်ငယ်တွေနဲ့ အပြန်အလှန်တိုက်ပွဲဖြစ်ကြတယ်။ စစ်တပ်ဘက်က စစ်သား ၃ ဦး သေဆုံးပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရှိသွားတယ်ဗျ။ ကျနော်တို့ဘက်ကတော့ အထိအခိုက်မရှိခဲ့ဘူး။ စစ်တပ်ကတော့ တိုက်ပွဲဖြစ်ရာကို စစ်ကူ နောက်ထပ် ၄၀ လောက်ထပ်ရောက်လာလို့ ကျနော်တို့ အထိခိုက်မရှိဘဲ တပ်နောက်ဆုတ်ခဲ့တယ်” လို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၄ အထူးကွန်မန်ဒိုတပ်ဖွဲ့၊ တပ်ခွဲ ၂၊ တပ်ခွဲ ၄၊ Monywa The Boys၊ ၅/ Commando Force၊ ၅/ Teacher Force၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၂၈၊ တပ်ခွဲ ၃၊ တမူးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၄ TSG တပ်ရင်းနဲ့ ChinDwin Fighter Group တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။