
စစ်ကိုင်းတိုင်း၊ မုံရွာမြို့က အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အနီးက သံတိုသံစဝယ်တဲ့ဆိုင်မှာ စက်တင်ဘာ ၂၃ ရက် နေ့လယ်ပိုင်းက ပစ္စည်းအဟောင်းထုခွဲရင်း မိုင်းပေါက်ကွဲခဲ့လို့ ဆိုင်ဝန်ထမ်းတယောက် သေဆုံးကာ ဆိုင်ပိုင်ရှင်အပါအဝင် ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မုံရွာမြို့ခံတယောက်က “မုံရွာ နမခ နယ်မြေထဲက သုံးထောင့်ချွန်းဂိတ်နားမှာရှိတဲ့ ကောင်းကောင်း သံတိုသံစ အဟောင်းဝယ်တဲ့ဆိုင်မှာ ပေါက်ကွဲမှုဖြစ်ခဲ့တာပါ။ အဲဒီနားမှာက စစ်သားနဲ့ ရဲတွေ ထိုင်တဲ့ဂိတ်လည်း ရှိတယ်။ နမခနဲ့လည်းနီးတယ်” လို့ ပြောပါတယ်။
အဆိုပါ ကောင်းကောင်း သံတိုသံစအဟောင်းဝယ်တဲ့ ဆိုင်ပိုင်ရှင်ဟာ စစ်မှုထမ်းဟောင်းတယောက် ဖြစ်ပါတယ်။
မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတယောက်က “အဲဒီဆိုင်ပိုင်ရှင်က စစ်တပ်နဲ့ ပတ်သက်မှုရှိနေတော့ စစ်သားတွေ လာရောင်းတဲ့ ဖြုတ်ထားပြီးသား မိုင်းတွေကို သံတိုသံစအနေနဲ့ ပြန်ဝယ်တယ်။ အဲဒီမှာ သူ့ဆိုင်ဝန်ထမ်းကလည်း မိုင်းမှန်းမသိဘဲ ထုခွဲလိုက်ရင်း ပေါက်ကွဲတာ” လို့ ပြောပါတယ်။
မိုင်းပေါက်ကွဲမှုကြောင့် ဆိုင်ဝန်ထမ်း ကိုထွန်းဇော်လင်း သေဆုံးခဲ့ပြီး ဆိုင်ပိုင်ရှင်နဲ့ တခြားဝန်ထမ်း တယောက်လည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
မုံရွာမြို့က သလ္လာဝတီရပ်ကွက်၊ သလ္လာရပ်ကွက်၊ ထန်းတောရပ်ကွက်၊ အောင်ချမ်းသာရပ်ကွက်၊ စက်မှုဇုန်ရပ်ကွက်တွေမှာ သံတိုသံစဝယ်တဲ့ အကြီးစားဒိုင်တွေလည်း အများအပြားရှိပြီး စစ်တပ်လက်အောက်ခံတွေဟာ သိမ်းဆည်းထားတဲ့ မိုင်းအဟောင်းတွေကို သူတို့နဲ့နီးစပ်တဲ့ ကောင်းကောင်း သံတိုသံစအဟောင်းဝယ်တဲ့ဆိုင်မှာ အရက်ဖိုးသာသာနဲ့ လာရောက် ရောင်းချလေ့ရှိတယ်လို့လည်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ဆီကနေ သိရပါတယ်။