
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်ကနေ ဩဂုတ် ၉ ရက်အထိ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်းက လမ်းသွားလမ်းလာ ပြည်သူ ၃၀ ထက်မနည်း ဖမ်းဆီးခံရတယ်လို့ မုံရွာမြို့ခံတွေက DVB ကို ပြောပါတယ်။
မုံရွာမြို့နယ်အတွင်းက ပေ ၈၀ လမ်းမ၊ ရန်ကင်းမီးပွိုင့်၊ ကျောက္ကာလမ်း နဲ့ ကမ်းနားလမ်းမပေါ်က သွားလာနေကြတဲ့ လမ်းသွားလမ်းလာ ပြည်သူတွေ ဖမ်းဆီးခံထားရတာလို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူတွေအထဲမှာ အမျိုးသားအများစု ပါဝင်ပြီး သူတို့ကို ဘယ်နေရာမှာ ဖမ်းဆီးထားတယ်ဆိုတာ အတိအကျ မသိရသေးဘူးလို့ အမည်မဖော်လိုတဲ့ ဒေသခံတယောက်က ပြောပါတယ်။
“ဩဂုတ်လ ၁ ရက်နေ့ကတော့ မျက်စိရှေ့တင် ဖမ်းတာ ၃ ယောက်ပါသွားတယ်။ အရှေ့မှာ ဖမ်းနေတာမြင်လို့ ကျနော်တို့လည်း ပြန်လှည့်ပြေးခဲ့ရတာ။ ပေါ်တာဆွဲတဲ့ သဘောမျိုးပေါ့။ သူတို့ကို ဖမ်းတယ်။ သူတို့က အင်အား ၂၀ ကျော်လောက်ပါတယ်။ တဖွဲ့ကို ၂၀ လောက်နဲ့ မိုဘိုင်းလ်အဖွဲ့လှည့်ပြီး ဖမ်းနေတာ။ ဖမ်းတဲ့သူတွေကို ပြီးရင် ရှေ့တန်းပို့မယ်။ စစ်ကောင်စီက ပိုအတင့်ရဲလာတာ။ မြို့ထဲလိုနေရာမှာပါ လူဆွဲလာတာဆိုတော့လေ။”
စစ်ကောင်စီတပ်ဟာ မုံရွာမြို့ပေါ်မှာ အရပ်ဝတ်တွေနဲ့ ခရီးသွားပြည်သူတွေကို လှည့်လည်ဖမ်းဆီးနေပြီး ဖမ်းဆီးခံရသူတွေကို အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ပို့ဆောင်ကာ စစ်သင်တန်းပေးနေတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူတွေရဲ့ နာမည်နဲ့ အသေးစိတ် အချက်အလက်ကိုတော့ DVB အနေနဲ့ သီးခြား အတည်ပြုနိုင်တာမျိုး မရှိသေးပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဩဂုတ် ၇ ရက်နေ့ ထုတ်ပြန်ချက်အရ နိုင်ငံတဝန်းက အရပ်သားပြည်သူ ၂၉,၅၁၅ ယောက် ဖမ်းဆီးခံထားရတယ်လို့ ထုတ်ပြန်ထားပါတယ်။