Home
မြန်မာသတင်း
မုံရွာတွင် ပြည်သူ့စစ် ၁ ဦး သေနတ် ၃ လက်ဖြင့် အလင်းဝင်
DVB
·
July 22, 2025

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေး ကား‌လမ်းပေါ်မှာရှိတဲ့ စစ်ကောင်စီ အထိုင်စခန်းတခုကနေ ဇူလိုင် ၁၇ ရက်က ပြည်သူ့စစ်တယောက် လက်နက်နဲ့ အလင်းဝင်လာတယ်လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Golden Target Force ရဲ့ တာဝန်ခံက ပြောပါတယ်။

ရမည်းသင်းမြို့ အခြေခံစစ်သင်တန်း အပတ်စဥ် ၃ မှာ တက်ရောက်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဇူလိုင်လက ရပ်ကွက်အတွင်း စားသောက်ဆိုင်တခုမှာ စစ်ကောင်စီက ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးခံရသူ ဖြစ်တယ်လို့ ပြောပါတယ်။

“သူက ကျနော်တို့အဖွဲ့က ရဲဘော်တယောက်နဲ့ သူငယ်ချင်းပါ။ လာရောက်ပူးပေါင်းချင်တယ် ရမလားဆိုပြီး ဆက်သွယ်တာ။ ကျနော်တို့ဘက်ကလည်း သူထွက်လာမယ်ဆိုပြီး ချိန်းတဲ့ညကို သွား‌စောင့်နေတာ။ သူနဲ့မတွေ့ခင် သူ့ဖုန်းက အားကုန်သွားလို့ဆိုပြီး မနက်မိုးလင်းခါနီးမှ အပင်တပင်အောက်မှာ သူအိပ်နေတာတွေ့တာ။ ပထမတခေါက်လည်း သူက ပြေးဖို့လုပ်ပြီးသား၊ ပြန်မိသွားတာ။ ပြန်မိသွားတော့ လက်ပြန်ကြိုးတုပ်ပြီး အရိုက်ခံရတယ်လို့ ပြောတယ်။”

ထွက်ပြေးလာစဥ် MA-1 သေနတ် ၃ လက်၊ ကျည်ဘောက် ၂ ခု၊ ၅.၅၆ ကျည်တောင့် ၂၀ လည်း ယူဆောင်လာတယ်လို့ ဆက်ပြောပါတယ်။

“သူထွက်လာခါနီး ဘာတွေလိုလဲမေးတော့ သေနတ်ယူလာလို့ရရင် ယူလာခဲ့ဖို့တော့ ပြောလိုက်တယ်။ ကျည်ဘောက်တခုတော့ ပြေးရင်း ပြုတ်ကျခဲ့တယ်။ သေနတ်တွေတောင် သူမနိုင်လို့ ဖွက်ထားခဲ့တာ။ မနက်ကျမှ ပြန်ရှာရတယ်။ သူပြေးလာတဲ့ဂိတ်နဲ့ တမိုင်ပဲဝေးတော့တဲ့ နေရာလောက်အထိ ဝှက်ခဲ့ရတာတွေကို ရှာလိုက်ရတယ်။ ညဘက်ဝှက်ခဲ့တော့ သူလည်း သိပ်မမှတ်မိတာနဲ့ နည်းနည်းတော့ အချိန်ပေးပြီး ရှာလိုက်ရတယ်။”

လတ်တလော အလင်းဝင်လာသူကို ဆု‌ကြေးငွေ သိန်း ၁၀၀ ကျပ် ချီးမြှင့်ပေးမယ့်အပြင် လုံခြုံစိတ်ချတဲ့ နေရာတခုကို ပို့ဆောင်ထားပြီး စားဝတ်နေရေးပါ စီစဥ်ပေးထားတယ်လို့ ပြောပါတယ်။

အလင်းဝင်လာသူ သွားရောက်ခေါ်ဆောင်ချိန်မှာ Golden Target Force နဲ့အတူ Brave Heart Army အပါအဝင် မုံရွာမြို့နယ် တိုက်နယ် ၁ ပြည်သူ့လုံခြုံရေးအဖွဲ့တွေက ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013