
မွန်ပြည်နယ်၊ ရေးမြို့နယ် ဒူးယားကျေးရွာက စစ်ကောင်စီရဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တယောက် သေနတ်နဲ့ပစ်သတ်ခံခဲ့ရပြီးသေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သေနတ်နဲ့ ပစ်သတ်ခံရသူမှာ အသက် ၅၀ ခန့်အရွယ် ရေးမြို့နယ်ဒူးယားကျေးရွာက ပြည်သူ့စစ်တပ်ဖွဲ့ဝင် ဦးကရင်ဆိုသူဖြစ်ပြီး ဇူလိုင် ၁၂ ရက် မွန်လွဲပိုင်းအချိန်က သေနတ်နဲ့ ပစ်သတ်ခံရတာလို့ ဆိုပါတယ်။
ဖြစ်စဉ်ကို သိရှိသူတယောက်က “ဦးကရင်က ဒူးယားကျေးရွာကနေ ရေးမြို့ကို မော်တော်ဆိုင်ကယ်နဲ့သွားရင်း အဘော် - ဒူးယား လမ်းပိုင်းမှာ ပစ်သတ်ခံရတာ။ အမည်မသိသေနတ်သမားတွေက ဆိုင်ကယ်နဲ့ လာပစ် သတ်သွားတာ” လို့ ပြောပါတယ်။
ပြည်သူ့စစ်တပ်ဖွဲ့ဝင် ဦးကရင် သေနတ်နဲ့ ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်နဲ့ ရဲတွေက အဘော် - ဒူးယားလမ်းပိုင်းကိုပိတ်ဆိုပြီး စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
ရေးမြို့နယ် စစ်ကောင်စီတပ်နဲ့ နီးစပ်သူက “သေဆုံးသူဦးကရင်က ဒူးယားကျေးရွာ ပြည်သူ့စစ် အဖွဲ့ဝင်ဆိုတာဟုတ်တယ်။ သူ့ကို ဘယ်လက်နက်ကိုင်အဖွဲ့အစည်းက ဘယ်လိုအကြောင်းနဲ့ သေနတ်နဲ့ လုပ်ကြံပစ်ခတ် သတ်ဖြတ်တယ်ဆိုတာ စုံစမ်းစစ်ဆေးနေတယ်” လို့ ပြောပါတယ်။
သေဆုံးသူ စစ်ကောင်စီ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ဦးကရင်ရဲ့ ရုပ်အလောင်းကို ဒေသခံ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့က ရေးခရိုင်ပြည်သူ့ဆေးရုံကို သယ်ယူပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်ကလည်း ရေးမြို့နယ် စံပြကျေးရွာက အသက် ၆၅ နှစ်အရွယ် အမျိုးသားတယောက်ကို အမည်မသိ သေနတ်သမားတွေက သေနတ်နဲ့ပစ်ခတ်လို့ ဦးခေါင်း၊ ရင်ဘတ်တွေမှာ ကျည်ဖောက်ဝင်ဒဏ်ရာတွေ ရရှိခဲ့ပြီး သေဆုံးခဲ့သေးတယ်လို့ ဆိုပါတယ်။