
ပြည်သူတွေကို လိုအပ်သလို ဝင်ရောက်ရှာဖွေ ဖမ်းဆီး ချုပ်နှောင်ခွင့်တွေကနေ ကာကွယ်ပေးထားတဲ့ “နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ” နိုင်လွတ်လုံ ဥပဒေပါ အချက်တွေကို ရပ်ဆိုင်းကြောင်း စစ်ခေါင်းဆောင်က ထုတ်ပြန်ကြေညာပါတယ်။
၂၀၁၇ ခုနှစ် အရပ်သားအစိုးရလက်ထပ်မှာ ပြဋ္ဌာန်းခဲ့တဲ့ “နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ” နိုင်လွတ်လုံလို့ အများသိတဲ့ ဥပဒေ ပုဒ်မတွေထဲက လိုအပ်သလို ဖမ်းဆီးချုပ်နှောင်ထားမှုတွေကနေ ကာကွယ်ပေးထားတဲ့ ပုဒ်မ ၃ ခုကို ရပ်ဆိုင်းပြီး နိုင်လွတ်လုံ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကို စစ်ခေါင်းဆောင်က ဩဂုတ် ၁ မှာ ထပ်မံ ပြဋ္ဌာန်းလိုက်ကြောင်း ကြေညာခဲ့တာပါ။
ရပ်ဆိုင်းကြောင်း ကြေညာလိုက်တဲ့ ပုဒ်မ ၃ ခုကို စစ်ကောင်စီ အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်တုန်းကလည်း အကန့်အသတ်မရှိ ရပ်ဆိုင်းခဲ့ပြီး ပြည်သူတွေကို လိုအပ်သလို စီးနင်းရှာဖွေ ဖမ်းဆီးတာနဲ့ ချုပ်နှောင်တာတွေကို လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က “စစ်အစိုးရတက်လာပြီးတော့ ငါတို့ ကြိုက်သလို ကြိုက်သလောက် ဖမ်းချုပ်ထားမယ်၊ ၂၄ နာရီ မဟုတ်ဘူး၊ ကြိုက်သလို ဝင်ရှာမယ် ကြိုက်သလိုလုပ်မယ်။ ပထမက ခွင့်ပြုထားတဲ့ ၂၄ ထက် ပိုမချုပ်ရ၊ ခွင့်မပြုဘဲ အိမ်ထဲ ဝင်မရှာရဆိုတာတွေကို အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်တယ်။ အခုကျတော့ ရွေးကောက်ပွဲတွေ ဘာတွေ လာတော့မှာဆိုတော့ အဲဒါကို ပြန်ဖြေလျော့တာ။ ဘယ်လိုဖြေလျော့တာလဲဆိုတော့ အကန့်အသတ်မရှိတော့ မဟုတ်တော့ဘူး၊ လာမယ့်လွှတ်တော်တွေပေါ်ပြီးတော့ လွှတ်တော်တွေ အသက်ဝင်ပြီးတော့ စတင်ပြီဆိုရင်တော့ အဲဒီအထိပဲတဲ့။ အဲဒီ နောက်ပိုင်းမှာတော့ မကျင့်သုံးတော့ဘူးတဲ့ ကြော်ငြာပေါ့ကွာ ကြော်ငြာဝင်တာပေါ့။ လွှတ်တော်တွေ ပေါ်လာမှ ငါတို့က ဒါတွေ လျှော့ပေးမှာ အဲဒါမျိုးပြောတာ” လို့ ပြောပါတယ်။
လိုအပ်သလို ဝင်ရောက်စီးနင်းခွင့်မပြုရ၊ ဖမ်းဆီးရှာဖွေလိုရင် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး ဆယ်အိမ်မှူး ရာအိမ်မှူးတို့ ပါဝင်ရမယ်နဲ့ တရားရုံး ခွင့်ပြုချက်မရှိဘဲ ၂၄ နာရီထက် ပိုမချုပ်ရ စတဲ့ အချက်တွေ ပြဋ္ဌာန်းထားတဲ့ အခန်း ၃က ပုဒ်မ ၅ နဲ့ အခန်း ၄ က ပုဒ်မ ၇ နဲ့ ပုဒ်မ ၈ တို့ကို ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။
ဒီအချက်တွေကို ရပ်ဆိုင်းတာနဲ့ နိုင်လွတ်လုံဥပဒေပြင်ဆင်တဲ့ ဥပဒေပြဋ္ဌာန်းတာကိုတော့ လွှတ်တော်တွေ မဖွဲ့စည်းနိုင်ခင် အမျိုးသားကာကွယ်ရေး လုံခြုံရေးကောင်စီက ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး အာဏာတွေကို ကျင့်သုံးဆောင်ရွက်တဲ့ အတွင်းမှာ ဖြစ်ကြောင်းကိုလည်း ဖော်ပြထားပါတယ်။
ဇူလိုင် ၃၁ ရက်တုန်းကတော့ စစ်ကောင်စီထိန်းချုပ်စိုးမိုးမှု မလုပ်နိုင်တော့တဲ့ မြိုနယ် ၆၃ ခုကို ရက်ပေါင်း ၉၀ စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပြီးနောက် အခုလို ဥပဒေပြင်ဆင်ချက် ထွက်ရှိလာတာဖြစ်ပါတယ်။
အရေးပေါ် စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ နေရာတွေမှာတော့ တည်ဆဲဥပဒေတွေက အသက်မဝင်ပေမဲ့ တခြားသော ဒေသက ပြည်သူတွေရဲ့ ကိုယ်ရေးကိုယ်တာနဲ့လုံခြုံရေးကို ဥပဒေဘောင်တွင်းက ချိုးဖောက်လာနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။
“အခုက ၆၃ မြို့နယ်ကိုပဲ သူက စစ်အုပ်ချုပ်ရေး ကြေညာတာဖြစ်တော့ ကျန်တဲ့မြို့နယ်တွေမှာရှိတဲ့ ပြည်သူတွေအတွက် ရည်ရွယ်ပြီး အဲဒီမြို့နယ်တွေက ပြည်သူတွေလည်းပဲ ထင်သလို privacy (ကိုယ်ရေးကိုယ်တာ) ချိုးဖောက်တာတွေ၊ လုံခြုံရေးကို ထိပါးတာတွေ ဒါတွေ လုပ်နိုင်ဖို့အတွက် ထပ်ပြီး ဒီ ၃ ခုကို သီးခြားထပ်ပြီး ရပ်ဆိုင်းလိုက်တာလို့ ယူဆပါတယ်။ ဒီပုဒ် ၃ ခုမှာ ကာကွယ်ပေးထားတဲ့ ပြည်သူတဦးတယောက်ချင်းစီရဲ့ ကိုယ်ရေးကိုယ်တာနဲ့လုံခြုံရေးကို သူတို့ ထင်သလို ချိုးဖောက်လို့ရအောင် နောက်ပြီးတော့ ဥပဒေနဲ့အညီ ချိုးဖောက်တယ်ဆိုတဲ့ ပုံစံမျိုးဖြစ်အောင် ဒါကိုရပ်ဆိုင်းတယ် ဆိုတဲ့သဘောပဲ ဖြစ်ပါတယ်ဗျ။”
ပြည်သူတွေရဲ့ ပုဂ္ဂလိကဆိုင်ရာလွတ်လပ်မှုနဲ့ လုံခြုံမှုတွေအတွက် ကာကွယ်ပေးထားတဲ့ နိုင်လွတ်လုံဥပဒေကို ၂၀၁၇ ခုနှစ် NLD လက်ထက်မှာ ရေးဆွဲပြဋ္ဌာန်းခဲ့တာဖြစ်ပြီး ဥပဒေပါ အားနည်းချက်တချို့ကို အရပ်သားအစိုးရ လက်ထက်မှာပဲ ပြင်ဆင်တဲ့ ဥပဒေကြမ်း တင်သွင်းခဲ့ကြပါသေးတယ်။
အခု ၂၀၂၅ ခုနှစ် ဩဂုတ်လ ၁ ရက်မှာတော့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအနေနဲ့ နိုင်လွတ်လုံပြင်ဆင်တဲ့ ဥပဒေကို ထပ်မံပြဋ္ဌာန်းလိုက်တာ ဖြစ်ပါတယ်။
ဝေဝေ