
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကာကွယ်ရေး ဥပဒေက သတင်းလွတ်လပ်ခွင့်ကို ထိပါးခြိမ်းခြောက် နေသလို ပြည်တွင်းသတင်းတိုက်တွေအနေနဲ့ သတိပိုထားရမယ့် အနေအထား ဖြစ်ကြောင်း သတင်းစာဆရာတွေက ဝေဖန်သုံးသပ်ပါတယ်။
သတင်းမီဒီယာလုပ်ငန်း လုပ်ကိုင်သူတွေနဲ့ သတင်းသမားတွေရဲ့ သတင်းစာလွတ်လပ်ခွင့်ကို ထိပါးခြိမ်းခြောက်လာတဲ့ ရွေးကောက်ပွဲကာကွယ်ရေးဥပဒေကို ဇူလိုင် ၂၉ ရက်မှာ စစ်ကောင်စီက အသက်သွင်း ပြဋ္ဌာန်းလိုက်ပါတယ်။
ဥပဒေပါ အခန်း ၆ ရဲ့ ပုဒ်မ ၁၆ အရ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်တွေ ပျက်ပြားအောင် ဟောပြော စည်းရုံးတာ၊ လှုံ့ဆော် ဆန္ဒပြတာနဲ့ ရေးသားဖြန့်ချိတာတွေကို တားမြစ်ထားပြီး အဲဒီအချက်တွေကို ချိုးဖောက်ရင် အခန်း ၇ ပုဒ်မ ၂၃ အရ ထောင်ဒဏ် ၃ နှစ်ကနေ ၇ နှစ်အထိ ချမှတ်နိုင်သလို ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ဖော်ပြထားပါတယ်။
ဒီဥပဒေပါ အချက်တွေကြောင့် ပြည်တွင်းက သတင်းသမားတွေအနေနဲ့ နောက်ထပ် သတိထားရမယ့် နယ်ပယ်တခုဖြစ်လာပြီး ပိုပြီး အန္တရာယ်များလာမယ့် အခြေအနေရှိကြောင်း မြန်မာသတင်းစာဆရာတယောက်က သုံးသပ်ပါတယ်။
“သတင်းစာလွတ်လပ်ခွင့် ထိပါးတာတော့ မေးစရာမလိုဘူးပေါ့။ ဒီမတိုင်ခင်ကတည်းက သတင်းစာလွတ်လပ်ခွင့်က သတင်းသမားအလုပ် လုပ်ရင်ကိုပဲ အန္တရာယ်ပေးနိုင်တဲ့ ၅၀၅(က) နဲ့ ဖမ်းပြီးတော့ ပြစ်ဒဏ်ပေးခံရတဲ့ သာဓကတွေလည်း အများကြီးရှိတယ်ဆိုတော့၊ ဒီလက်နက်ပဋိပက္ခတောင် မဟုတ်တော့ဘူးပေါ့၊ ရွေးကောက်ပွဲသတင်းကိုပဲ self censorship ပိုပြီးတော့ ကြီးလာမယ့် သဘောလို့ ထင်တယ်။ ပြည်တွင်းမှာနေထိုင်ပြီး လုပ်ရတဲ့ သတင်းသမားတွေအတွက် ပိုပြီးတော့ သတိထားရမယ့် နောက်နယ်ပယ်တခု တိုးလာတယ်လို့ ပြောရမယ်။ ဒီရွေးကောက်ပွဲသတင်းကို ပြည်ပ exile media တွေကတော့ အရေးစိုက်စရာ မလိုပေမဲ့ ပြည်တွင်းမှာနေပြီးတော့ လုပ်တဲ့သူတွေအတွက်တော့ ပိုပြီးတော့ အန္တရာယ်များလာမယ့် အနေအထားရှိတယ်။”
အခန်း ၆ ရဲ့ ပုဒ်မ ၁၆ ကိုပဲ လူစုလူဝေးနဲ့ ပြစ်မှုထင်ရှား စီရင်ခံရရင် ထောင်ဒဏ် ၅ နှစ်ကနေ ၁၀ နှစ်အထိ ချမှတ်ခံရနိုင်သလို ငွေဒဏ်လည်း ချမှတ်ခံရနိုင်ကြောင်း ပါရှိပါတယ်။
ဒီဥပဒေဟာ ပြည်တွင်းက သတင်းသမားတွေရဲ့ ရွေးကောက်ပွဲသတင်းတွေ ရေးသားဖော်ပြရာမှ အရေးယူခံနိုင်တဲ့ မလုံခြုံမှုတွေတော့ ရှိကြောင်း လုပ်သက် ၁၃ နှစ်ရှိတဲ့ ပြည်တွင်းသတင်းသမားတယောက်ကလည်း ပြောပါတယ်။
“ဒီဥပဒေ ထွက်လာတဲ့အတွက် ရွေးကောက်ပွဲသတင်းတွေ ရေးသားတဲ့အခါ ပိုပြီးတော့ သတိထားရမယ့် အခြေအနေမျိုး ဖြစ်လာတယ်။ censorship ပိုပြီးတော့ လုပ်ရနိုင်တယ်။ နဂိုတည်းကလည်း သူတို့ထုတ်သမျှ ထုတ်တဲ့အတိုင်းကိုပဲ ပြည်တွင်းသတင်းတိုက် တော်တော်များများက ဒါထုတ် ဒါရေးဆိုတဲ့ ပုံစံမျိုးနဲ့ သွားနေရတဲ့အတွက် သတင်းတင်ဆက်မှု အပိုင်းကတော့ အများကြီး ပြောင်းလဲသွားဖို့ မရှိဘူး။ တခုပဲ လုံခြုံရေးနဲ့ပတ်သက်ရင်တော့ ဒီဥပဒေ ပြဋ္ဌာန်းလိုက်တဲ့အတွက် ကိုယ်ဖော်ပြခဲ့တဲ့သတင်းက တခုခုဖြစ်ခဲ့ရင် ဒီဥပဒေ ဒီပုဒ်မကြီးနဲ့ အရေးယူခံရနိုင်မလား ဆိုတဲ့ စိတ်မလုံခြုံမှုတော့ ပိုပြီးဖြစ်မိတာပေါ့။”
ဥပဒေပါအချက်တွေရဲ့ ရေးသားဖော်ပြချက်တွေဟာ အဓိပ္ပာယ်များစွာ ဖွင့်ဆိုနိုင်သလို လိုအပ်သလို အရေးယူနိုင်မယ့် ရေးသားချက်တွေဖြစ်ကြောင်းကို မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာ အင်စတီကျုရဲ့ ပြင်ပဆက်ဆံ ဆက်သွယ်ရေး ဒါရိုက်တာ ဦးအောင်သူငြိမ်းက ပြောပါတယ်။
“ကျနော်တို့ဆီမှာ ဥပဒေတွေက သားရေကွင်းလိုပဲ၊ လိုအပ်ရင် လိုအပ်သလို ချဲ့လို့ ချုံ့လို့ရတဲ့ အနေအထား ရှိတာပေါ့။ ခုနလို ဖော်ပြတဲ့အပိုဒ်တွေက အင်တာနက်သုံးတဲ့သူတွေရော ဆိုရှယ်မီဒီယာပေါ်က ရေးတဲ့သူတွေရော နောက်တခါ ဝေဖန်ချင်တဲ့သူတွေရောပေါ့၊ တချို့ကိစ္စတွေက ဘာမှမဖြစ်ရင် မဖြစ်ဘူး၊ ဒါပေမဲ့ ဥပဒေ ဒါက ဥပဒေနဲ့ ငြိစွန်းတယ်လို့ ယူဆရင်လည်း အရေးယူခံရနိုင်တဲ့ အနေအထား ရှိတယ်ပေါ့။ ဒီဥပဒေတွေကို လိုအပ်သလို အသုံးချနိုင်တဲ့ အနေအထားလို့ မြင်ပါတယ်။ ဒီရွေးကောက်ပွဲကို မဖြစ်မှာစိုးရိမ်လို့ အတင်းအကျပ် ကာကွယ်တဲ့ သဘောမျိုးတွေ ပိုဆန်ပါတယ်။”
ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အခန်း ၈ “နိုင်ငံသူ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ” ပုဒ်မ ၃၅၄ မှာ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ကိုယ်ကျင့်တရား အလို့ငှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့ မဆန့်ကျင်ရင် ယုံကြည်ချက်၊ ထင်မြင်ယူဆချက်တွေကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့် ရှိတယ်လို့ ပြဋ္ဌာန်းထားတယ်။
စစ်ကောင်စီကတော့ အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလကနေ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်းမှာ ပြုလုပ်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။
ဝေဝေ