Home
နိုင်ငံတကာ
ဂျပန်လက်ယာစွန်းပါတီထောက်ခံသူများ တိုကျိုမြို့၌ အောင်ပွဲခံ
DVB
·
July 30, 2025
Photo: Reuters

ဂျပန်အထက်လွှတ်တော်ရွေးကောက်ပွဲအပြီး တရက်မှာ လက်ယာစွန်းပါတီဖြစ်တဲ့ ဆန်းဆဲအိတိုပါတီ (ဂျပန်သည်သာပထမပါတီ) ကို ထောက်ခံသူတွေက တိုကျိုမြို့တော်မှာ မကြုံစဘူး အောင်ပွဲခံ ဂုဏ်ပြုခဲ့ကြပါတယ်။

အမတ်နေရာ ၂၄၈ နေရာရှိတဲ့ အထက်လွှတ်တော်မှာ ဒီပါတီရဲ့ ကိုယ်စားပြုမှုက ၁ နေရာကနေ ၁၄ နေရာထိ မြင့်တက်လာတာပါ။

ဆန်းဆဲအိတိုပါတီကို လူကြိုက်များမှု မြင့်တက်လာတာဟာ ကမ္ဘာတဝန်းက ဒီမိုကရေစီနိုင်ငံတွေမှာ လက်ယာယိမ်းပါတီတွေကို ထောက်ခံမှု တိုးများလာနေတဲ့ ရေစီးကြောင်းတရပ်ကို ပြနေပါတယ်။

ဆံပင်ညှပ်ဆရာ ယုတာ့ခါ့တိုဟာ ဆန်းဆဲအိတိုပါတီရဲ့ ဂျပန်သည်သာ ပထမ သတင်းစကားက ဆွဲဆောင်ထားတဲ့သူတယောက် ဖြစ်ပါတယ်။

ဂျပန်နိုင်ငံရဲ့ လူမှုကျင့်ဝတ်တွေကို မသိနားမလည်တဲ့ နိုင်ငံခြားသားတွေက တိုကျိုမြို့တော်ရဲ့ ဂင်းဇ ခရိုင်က သူ့အလုပ်နားမှာ လမ်းတွေကို ပိတ်ဆို့တာနဲ့ ဖုန်းတွေကနေ ဆူညံတဲ့ ဗီဒီယိုတွေဖွင့်ပြီး လမ်းသွားလမ်းလာတွေကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်တာတွေကို သူက စိတ်အနှောင့်အယှက် ဖြစ်နေပါတယ်။

နိုင်ငံခြားမှာမွေးပြီး ဂျပန်နိုင်ငံမှာ နေထိုင်သူတွေဟာ ဂျပန်ရဲ့ စုစုပေါင်းလူဦးရေရဲ့ ၃ ရာခိုင်နှုန်းသာ ရှိပြီး အမေရိကန်နဲ့ ဥရောပမှာ သက်ဆိုင်တဲ့ အချိုးအစားရဲ့ တစိတ်တပိုင်းသာ ဖြစ်ပေမဲ့ မကြာသေးမီနှစ်တွေအတွင်း ရောက်လာတဲ့ ကမ္ဘာလှည့်ခရီးသည် စံချိန်တင်အရေအတွက်ကြောင့် မြို့ကြီးတွေမှာ နိုင်ငံခြားသားတွေကို ပိုမြင်လာရပါတယ်။

ဆန်းဆဲအိတိုပါတီကို ထောက်ခံသူ အများအပြားလိုပဲ ခါ့တိုဟာ သူ့အတွက် သတင်းအချက်အလက်တွေကို ယူကျုနဲ့ တခြား လူမှုမီဒီယာ ဝက်ဘ်ဆိုက်တွေကနေ ရပါတယ်။

ဂျပန်ယဉ်ကျေးမှုကို ပျက်စီးစေတဲ့ နိုင်ငံခြားသားတွေက ဂျပန်ကို တိတ်တိတ် ကျူးကျော်ဝင်ရောက်လာတာနဲ့ ပတ်သက်ပြီး ဆန်းဆဲအိတိုပါတီက သူ့သတိပေးချက်တွေကို ချဲ့ထွင်ဖို့ ယူကျုနဲ့ တခြား လူမှုကွန်ရက် မီဒီယာတွေကို သုံးပါတယ်။

ဂျပန်နိုင်ငံဆီကို အများဆုံးလာလည်တဲ့ နိုင်ငံခြားသားတွေနဲ့ ဧည့်သည်အုပ်စုတွေထဲမှာ အကြီးဆုံးက တရုတ်လူမျိုးတွေဖြစ်ပြီး အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ နိုင်ငံခြားသား ဆန့်ကျင်ရေး စကားတွေအတွက် အချက်အချာ ဖြစ်လာပါတယ်။

ဆန်းဆဲအိတိုပါတီဟာ အသက် ၁၈ နှစ်ကနေ ၃၉ နှစ်ကြား အရွယ်တွေကြားမှာ ရေပန်းအစားဆုံး ဖြစ်ပြီး အမျိုးသားတွေက အမျိုးသမီးတွေထက် ပါတီကို ပိုနှစ်သက်ကြတယ်လို့ NHK သတင်းဌာနက ကောက်ယူတဲ့ စစ်တမ်းအရ သိရပါတယ်။

ဆန့်ကျင်ဘက်အနေနဲ့ ဝန်ကြီးချုပ်  ရှီဂဲရုအီရှိဘရဲ့ အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ကို ထောက်ခံမှုဟာ ကျား မ ကွဲပြားမှု ရှင်းရှင်းလင်းလင်းမရှိဘဲ အသက် ၇၀ ကျော်သူတွေကြားမှာ အနက်ရှိုင်းဆုံးဖြစ်တယ်လို့ NHK စစ်တမ်းက ဖော်ပြထားပါတယ်။

ဆန်းဆဲအိတို ပါတီရဲ့ တရားဝင် ယူကျုချန်နယ်မှာတော့ LDP ပါတီရဲ့ follower အရေအတွက်ထက် ၃ ဆပိုများပြီး တခြားပါတီတွေရဲ့ ပါဝင်ပတ်သက်မှုက ပိုမြင့်နေတယ်လို့ အဆာဟိရှင်းဘွန်း  သတင်းစာရဲ့ လေ့လာချက်က ဖော်ပြပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013