
ဒီလမ်းကြောင်းဟာ အသစ်လား၊ အလုပ်ဖြစ်မှာလား။ ဒါမှမဟုတ် မဖြစ်ဘူးလားလို့ မပြောခင် မြန်မာ့ဒီမိုကရေစီရေး သမိုင်းမှာရှိခဲ့တဲ့ လက်လှမ်းမီသမျှ လမ်းကြောင်းတွေကို ပြန်ပြောင်းကြည့်ကြရအောင်ပါ။
ပထမဆုံးက ၁၉၈၈ အရေးတော်ပုံ စဖြစ်ချိန်နဲ့ စစ်အာဏာမသိမ်းခင် ကြားကာလမှာ ဒီအင်အားစုတွေကြား တက်လာတဲ့ ‘ကြားဖြတ်အစိုးရ’ နဲ့ ‘စင်ပြိုင်အစိုးရလမ်းကြောင်း’ ပါ။ နောက်ထပ် လမ်းကြောင်းတခုက ၁၉၈၉ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းခံရပြီး နောက်ပိုင်း ပေါ်လာတဲ့ ‘စု လွှတ် တွေ့’ လမ်းကြောင်းပါ။ ‘စု ရွေး လွှတ်’ ဆိုတဲ့ လမ်းကြောင်း။ ‘With Lady’ နဲ့ ‘Without Lady’ ဆိုတဲ့လမ်းကြောင်း။
ဒီလမ်းကြောင်းပေါ်တာက ၈၈ မျိုးဆက်တွေ အကျဉ်းထောင်က ပြန်လွတ်လာချိန် ၂၀၀၅ နဲ့ ၂၀၀၇ ခုနှစ် ကြားကာလပါ။ Lady ဆိုတာက ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်းတာ။ အဓိပ္ပါယ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူရပ်တည်မယ် (သို့မဟုတ်) ဒေါ်အောင်ဆန်းစုကြည်ကို ချန်လှပ်ခဲ့ဖို့ပါ။
နောက်တခါ ၂၀၀၈ ဖွဲ့စည်းပုံကို လူထုဆန္ဒခံယူပွဲ လုပ်တဲ့ကာလမှာ ပေါ်လာတဲ့ လမ်းကြောင်းက ‘Vote NO’ သို့မဟုတ် ‘No Vote’။ ‘Vote NO’ က မဲပေးမယ်၊ ဒါပေမဲ့ ကန့်ကွက်မယ်။ No Vote က မဲမပေးဘူး။ ပွဲမဖြစ်အောင် ဖျက်မယ် ဆိုတဲ့ အဓိပ္ပာယ်ပါ။ အဲဒါကို ကျော်သွားပြီး ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာတော့ ‘၀င် ပြင်’ သို့မဟုတ် ‘ပြင် ၀င်’ ဆိုတဲ့ လမ်းကြောင်း ပေါ်လာပြန်ပါတယ်။
၀င် ပြင် က ရွေးကောက်ပွဲ၀င်ပြီး လွှတ်တော်ထဲက ဖွဲ့စည်းပုံပြင်ဖို့ ဖြစ်ပြီး၊ ပြင် ၀င်ကတော့ ၂၀၀၈ ခြေ/ဥ ကို ပြင်ရင် ရွေးကောက်ပွဲ၀င်မယ်ဆိုတာ ဖြစ်ပါတယ်။ ဒီလိုလမ်းကြောင်းတွေ တက်လာတိုင်း ဒီမိုကရေစီအင်အားစုတွေကြားမှာ အငြင်းပွားပြီး စိတ်သဘောထားကွဲကြတာလည်း အကြိမ်ကြိမ်ပါပဲ။
အခု နောက်ဆုံးပေါ် လမ်းကြောင်းက ‘ရွေး ငြိမ်း’ သို့မဟုတ် ‘ငြိမ်း ရွေး’တဲ့။
‘ရွေး ငြိမ်း’က ရွေးကောက်ပွဲလုပ်မယ်။ အဲဒီရွေးကောက်ပွဲ့မှာ လက်နက်စွန့် ပါတီထောင်ပြီး ၀င်ပါကြ။ ပြီးရင် လွှတ်တော် ပေါ်လာမယ်။ အရပ်သားအစိုးရ ပေါ်မယ်။ အဲဒီကတဆင့် ငြိမ်းချမ်းရေးဆီ သွားမယ်လို့ဖြစ်ပြီး၊ ငြိမ်း ရွေးကတော့ ငြိမ်းချမ်းရေး အရင်ရအောင်လုပ်ပြီးမှ အသွင်ကူးပြောင်းရေး သဘောတူညီချက်ကတဆင့် ရွေးကောက်ပွဲဆီ သွားဖို့ပါ။ အပေါ်မှာ ပြောခဲ့တဲ့ လမ်းကြောင်းတွေထဲက အခုနောက်ဆုံးပေါ်ဖြစ်တဲ့ ‘ရွေး ငြိမ်း’ လမ်းဟာ အသစ်မဟုတ်ပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ၂၀၁၂ ခုနှစ်မှာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို အဆုံးခံပြီး ကြားဖြတ်ရွေးကောက်ပွဲ ၀င်ခြင်းဖြင့် လျှောက်ခဲ့ပေမဲ့ စစ်အာဏာသိမ်းမှုနဲ့ အဆုံးသတ်တဲ့ ရလဒ်ကိုသာ ရရှိခဲ့တဲ့လမ်းပါ။ ငြိမ်း ရွေးကလည်း ၂၀၀၈ ခြေဥနဲ့ စစ်တပ် နိုင်ငံရေးထဲက မထွက်ဘူး ဆိုတဲ့ အချက်ကို အသေဆုပ်ထားတဲ့ စစ်တပ်နဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ဖြစ်ချင်တဲ့ အင်အားစုတွေကြားမှာ အသွင်ကူးပြောင်းရေး သဘောညီချက်မရနိုင်လို့ ငြိမ်းချမ်းရေးရဖို့ လားလားမှ မနီးစပ်ပါ။ အဲဒီကမှ ရွေးကောက်ပွဲဆီသွားဖို့က စိတ်ကူးလို့တောင် မရပါဘူး။ ဒါကြောင့် ‘ရွေး ငြိမ်း’ လမ်းကော ‘ငြိမ်း ရွေး’ လမ်းကောဟာ အလုပ် လုံး၀မဖြစ်နိုင်တဲ့ “အပေါ်ယံ” ပြကွက်သက်သက်ပါပဲ။
မြန်မာနိုင့်ငံရေးပြဿနာရဲ့ အဓိက အကြောင်းရင်းဟာ စစ်အာဏာရှင်စနစ်ပါ။
အခု တက်လာတဲ့ လမ်းကြောင်း ‘ရွေး ငြိမ်း’ဟာ ပြဿနာရဲ့ အကြောင်းရင်းဖြစ်တဲ့ စစ်အာဏာရှင်စနစ်ကို ပယ်သတ်နိုင်မှာ မဟုတ်ဘဲ၊ စစ်ပွဲတွေ ရပ်သွားရင် ငြိမ်းချမ်းမယ် ဆိုတဲ့ အကောက်အယူလောက်နဲ့ သာမာန် အကျိုးတရား အချို့ကိုသာ ညွှန်ပြအားပြုနေတာ ဖြစ်ပါတယ်။
နွေဦးတော်လှန်ရေးရဲ့ ဦးတည်ချက်ဟာ စစ်အာဏာရှင်စနစ် ဆိုတဲ့ အကြောင်းတရားကို မြန်မာ့မြေပေါ်က လုံး၀ချုပ်ငြိမ်းသွားအောင် ပယ်သတ်ဖို့ ရည်ရွယ်လုပ်ဆောင်နေတာပါ။ ဒီလမ်းကလွဲရင် ကျန်တဲ့လမ်းကြောင်းတွေနဲ့ ဖန်တီးဖြစ်တည်လာတာတွေ အားလုံးက နှစ်ပေါင်းများစွာ ဖြစ်လာတဲ့ အနာဆွေး အနာဟောင်းကြီးကို လမ်းဘေးက နည်းတွေ၊ ဆေးမြီးတိုတွေနဲ့ ကုပြီး အခိုက်အတန့် သက်သာအောင် (ဒါမှမဟုတ်) သက်သာတယ်လို့ မြင်လာအောင် လုပ်ဆောင်မှုတွေသာ ဖြစ်ပါတယ်။
တကယ်တော့ ဒီဆေးတွေဟာ အနာကို ပိုလို့တောင် ဆိုးလာစေပြီး ကုရာနတ္ထိ ဆေးမရှိဘ၀ ရောက်စေမှာပါ။ ဒီလမ်းကြောင်းအတိုင်း စကစ သွားနေတာကို နိုင်ငံတကာ အသိုက်အဝန်းက ထောက်ခံခဲ့ရင် (ဒါမှမဟုတ်) မသိကျိုးကျွန်ပြုခဲ့ရင် မြန်မာပြည်သူတွေဟာ ပိုမိုဆိုးရွားတဲ့ စစ်အာဏာရှင်စနစ်ရဲ့ အောက်ကို ရောက်ရှိသွားမှာပါ။ ရွေးကောက်ပွဲတွေရှိခဲ့တဲ့ ၂၀၁၀ နဲ့ ၂၀၂၀ ကြား အခင်းအကျင်းမျိုး မဖြစ်နိုင်တော့ပါဘူး။ ဘာကြောင့် ဒီလိုပြောလဲဆိုရင် စကစ က ပိုမိုချုပ်ကိုင်တဲ့ အခင်းအကျင်းမျိုးကို မလွဲမသွေ ဖန်တီးလာမှာမို့ပါ။
ဘာလို့ ဖန်တီးလာမှာလဲဆို ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ၂၀၀၈ ခြေ/ဥ နဲ့ လုံခြုံစိတ်ချရမယ်ထင်တဲ့ ပင်စင်စီမံကိန်းလုပ်ခဲ့ပြီး တပည့်တွေကိုလွှဲ၊ နိုင်ငံရေးကထွက်ဖို့ ပြောပြီး၊ စာဖတ်သူကြီး အယောင်ဆောင်ခဲ့ပါတယ်။ သူ့တပည့် ဗိုလ်သိန်းစိန်ကလည်း တရုတ်ကိုခွာပြီး အနောက်နဲ့ နီးစပ်လိုတဲ့ ရည်ရွယ်ချက်၊ တခါ နာဂစ် ခြေ/ဥ နဲ့ မဲလိမ်တယ်လို့ နာမည်ပျက်တဲ့ ၂၀၁၀ ရွေးကောက်ပွဲရလဒ်တွေကို တရား၀င်မှုရစေဖို့ဆိုတဲ့ ရည်ရွယ်ချက်၊ အတိုက်အခံဘက်က စင်ပြိုင်လို ကိုင်ထားတဲ့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ် ပျက်ပြားစေဖို့ ရည်ရွယ်ချက်တွေနဲ့ အဓိက အတိုက်အခံလို ဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတိုက်အခံ အင်အားစုတွေကို လွှတ်တော်စည်းဝိုင်းထဲ ခေါ်ထည့်ခဲ့ပါတယ်။
ဒီလို ရဲရဲဝံ့ဝံ့ ခေါ်ထည့်ခဲ့တာဟာ တိုင်းပြည်ရဲ့ ပြဿနာတွေကို အမှန်တကယ်ဖြေရှင်းဖို့ထက် ၂၀၀၈ ခြေ/ဥကို ပေးထားချက်တရပ်အဖြစ် ထည့်သွင်းစဉ်းစားပြီး တောင်းဆိုမှုအားလုံး ၂၀၀၈ ခြေ/ဥအောက်က သွားရေးနဲ့ အဲဒီလို သွားခဲ့ရင် သူတို့အနေနဲ့ စိုးရိမ်စရာမလိုဘဲ ပိုင်ပိုင်နိုင်နိုင် ဆက်သွားနိုင်မယ်လို့ ထင်ခဲ့လို့ပါ။ တနည်းပြောရင် ၂၀၀၈ ခြေ/ဥ ကို ယုံပြီး ပုံခဲ့တယ်လို့ ပြောရမယ် ထင်ပါတယ်။ ဒါပေမဲ့ သူတို့ယုံပြီး ပုံခဲ့တဲ့ ၂၀၀၈ ခြေ/ဥ ဟာ တကယ်ကျင့်သုံးတော့ လစ်ကွက် ဟာကွက်တွေ ရှိနေတယ်ဆိုတာ နောက်ကျမှ သိလိုက်ရတာပါ။
ကာ/လုံကို မခေါ်မနေရဆိုတာမျိုး ပြဋ္ဌာန်းမထားတာ၊ ကာ/လုံကို သမ္မတကပဲ ခေါ်ခွင့်ရှိတာ၊ ဖွဲ့စည်းပုံခုံရုံးနဲ့ ပြည်ထောင်စုရွေး/ကော် ကို လွှတ်တော်သဘောတူညီမှုနဲ့ ခန့်အပ်ပိုင်ခွင့်က သမ္မတရဲ့ လုပ်ပိုင်ခွင့်ထဲ ရှိနေတာတွေကြောင့် သမ္မတက ကာ/လုံ ကို မခေါ်တဲ့အခါ ကာ/လုံ ကတဆင့် ကြိုးဆွဲမယ်ဆိုတဲ့ အကြံအစည်တွေ ပျက်ခဲ့ရပါတယ်။ ကာ/လုံ မခေါ်တာ မကျေနပ်လို့ဖြစ်စေ၊ အတိုင်ပင်ခံ ခန့်တာ မကျေနပ်လို့ဖြစ်စေ စောဒကတက်စရာ နေရာက ဖွဲ့စည်းပုံခုံရုံးပဲ ရှိပါတယ်။
အဲဒါကလည်း သမ္မတနဲ့ လွှတ်တော်တွေက အမည်စာရင်း တင်သွင်းခန့်ထားတာဆိုတော့ သူတို့ ဖြစ်ချင်တာ မဖြစ်နိုင်တော့ပါဘူး။ ကိုယ်ကြိုးနဲ့ ကိုယ် ပြန်ငြိနေလို့ အခက်တွေ့နေခဲ့ရတယ်။ တနည်းပြောရင် အတိုက်အခံကပေးတဲ့ဒုက္ခ မဟုတ်ဘဲ သူတို့ဘာသာ သူတို့ နှစ်ပေါင်းများစွာ အချိန်ယူ ရေးဆွဲခဲ့တဲ့ ဥပဒေကြီးက သူတို့ကို ပြန်ပေးတဲ့ဒုက္ခနဲ့ သူတို့ရင်ဆိုင်ရတာပါ။
ဒါနဲ့ ဆက်သွားရင် သူတို့ ရည်ရွယ်ထားသလို မဖြစ်တော့ဘူးလို့ သူတို့ သိပါတယ်။ ပြင်လို့လည်း မရပါဘူး။ သူတို့ရဲ့အတိုက်အခံတွေဖြစ်တဲ့ NLD အပါအ၀င် တိုင်းရင်းသားတွေ လိုချင်တဲ့ စစ်မှန်တဲ့ ဒီမိုကရေစီဖြစ်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ရေးအတွက် ၂၀၀၈ ခြေ/ဥ ထဲက အချက်တွေကို သူတို့ သဘောတူညီချက်မပါဘဲ မပြင်နိုင်သလို သူတို့ဥပဒေနဲ့သူတို့ ပြန်ငြိပြီး ကြိုးရှုပ်နေတာတွေကိုလည်း လွှတ်တော်နှစ်ရပ်စလုံးမှာ အများစုရထားတဲ့ NLD ရဲ့ သဘောတူညီမှု မပါဘဲ သူတို့ ပြင်လို့မရနိုင်တာပါ။
ဒီလို အခက်တွေ့နေသလို အခြားတဖက်မှာလည်း သူတို့အတွက် ခြိမ်းခြောက်မှု ရှိနေပြန်ပါတယ်။ ဒါက အတော်ကလေး အရေးကြီးပါတယ်။ ဘာကြောင့်လဲဆို ဒီခြိမ်းခြောက်မှုက သူရဲ့ အတွင်းထဲက လာတာကြောင့်ပါ။ အဲဒါက နောက်တက်လာတဲ့ အရာရှိတွေပါ။ အဲဒီအရာရှိတွေက ဗိုလ်မှူးချုပ် ဗိုလ်ချုပ်တွေသာ ဖြစ်လာတယ်။ သူတို့ရဲ့ပိုင်ဆိုင်မှုက သူတို့အရင် စီနီယာကြီးများရဲ့ ပိုင်ဆိုင်မှုနဲ့ နှိုင်းယှဉ်ရင် အဆမတန် ကွာဟနေတာပါ။ အမီလိုက်ဖို့ကလည်း ‘ခွင်’ မရှိပါဘူး။ တဖက်မှာ တရား၀င်အစိုးရတရပ်နဲ့ လွှတ်တော်ရှိသလို စောင့်ကြည့်နေတဲ့ မီဒီယာတွေနဲ့ ပြည်သူလူထု အကျိုးစီးပွားကို စောင့်ကြည့်ကာကွယ်နေတဲ့ လူမှုအဖွဲ့အစည်းတွေလည်း ရှိနေပြန်တာကြောင့် တပ်ဟာ တရား၀င်ဘတ်ဂျက်ကလွဲလို့ အရင် စီနီယာတွေလို ကိုယ်ကျိုးရှာလို့မရတဲ့ အနေအထားပါ။
ဒါကြောင့် မျိုးဆက်သစ် ခေါင်းဆောင်တွေကြားမှာ မေးခွန်းတခုရှိလာပါတယ်။ အဲဒါကတော့ “ငါတို့က တရား၀င်လခပဲ ရပြီး ဘာကြောင့်သူခိုးတွေကို အကာအကွယ်ပေးပြီး ပြည်သူ့အမုန်းကို ခံနေရတာလဲ” ဆိုတဲ့ မေးခွန်းပါပဲ။ ဒီလိုမေးခွန်းဖြစ်လာပြီ ဆိုတာကို စစ်တပ်ကို ကြိုးဆွဲလိုသူတွေ သိတဲ့အခါ သူတို့ ဒီအတိုင်း နေလို့မရတော့ပါဘူး။ မျိုးဆက်သစ်တွေကို သူတို့လိုပဲ ပိုင်ဆိုင်မှုတွေရှိ လာအောင် ပေးစား၊ ပေးမှားမှသာ စစ်အာဏာရှင်စနစ် ဆက်လက် သက်ဆိုးရှည်နိုင်မယ်။ ဒါမှမဟုတ်ရင် မျိုးဆက်သစ်ခေါင်းဆောင်တွေနဲ့ ဒီမိုကရက်တစ် အတိုက်အခံတွေ ပေါင်းမိသွားပြီး စစ်အာဏာရှင်စနစ် ပျက်သုဥ်းသွားလိမ့်မယ်လို့ သူတို့ တွက်ပါတယ်။ ဒီလိုပေးစားဖို့က အရပ်သားအစိုးရအောက်မှာ မဖြစ်နိုင်လို့ အာဏာသိမ်းကိုသိမ်းဖို့ လိုလာပါတယ်။
အခြားတဖက်မှာလည်း အတိုက်အခံအင်အားစုတွေကြား ဘယ်လိုပြဿနာတွေ၊ ကွဲပြားမှုတွေရှိရှိ လူထုဟာ သူ့လက်ထဲကို မဲလက်နက် ရောက်လာတိုင်း တပ်နောက်ခံပါတီတွေကို မဲမပေးဘဲ သူတို့ ယုံကြည်ရာပါတီ တခုတည်းကိုသာ မဲပုံပြီးပေးတဲ့အတွက် တပ်အနေနဲ့ သူတို့ လိုလားထောက်ခံတဲ့ ပါတီတွေ ရွေးကောက်ပွဲနည်းလမ်းနဲ့ အာဏာကို ပြန်လည်ဆုပ်ကိုင်င်နိုင်ဖို့ မရှိတော့ဘူးလို့ သိသွားတဲ့အခါ သူတို့အနေနဲ့ မလွဲမသွေ အာဏာပြန်သိမ်းဖို့ လိုကို လိုလားတဲ့အတွက် အာဏာပြန်သိမ်းခဲ့တာ ဖြစ်တယ်။
အဲဒါတွေကြောင့် အာဏာပြန်သိမ်းခဲ့တဲ့ စစ်တပ်ဟာ ရွေးကောက်ပွဲနဲ့ လူထုလက်ထဲကို အာဏာ ပြန်အပ်မယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါ။ ပြည်သူကို ရန်သူလို့ သတ်မှတ်ထားတဲ့ စစ်တပ်ဟာ ပြည်သူလက်ထဲကို အာဏာကို ပြန်မထည့်ပါဘူး။ ရွေးကောက်ပွဲ လုပ်မယ့်ကိစ္စဟာ သူ့ရည်ရွယ်ချက်နဲ့ သူ့အကွက် သူရွှေ့တာပါ။
စကစ ရွေးကောက်ပွဲလုပ်မယ့်ကိစ္စနဲ့ပတ်သက်လို့ ဘာရည်ရွယ်ချက်တွေနဲ့ ရွေးကောက်ပွဲလုပ်မှာလဲ ဆိုတာ ပြောရရင် ရည်ရွယ်ချက် ၃ ချက် ရှိတယ်လို့ မြင်ပါတယ်။ ပထမဦးဆုံးအချက်က ရွေးကောက်ပွဲတခုရဲ့ ရလဒ်ကို နောက်ရွေးကောက်ပွဲတခုရဲ့ ရလဒ်နဲ့သာ ပယ်ဖျက် လွှမ်းမိုးနိုင်မယ်လို့ မြင်တဲ့အတွက် ဖြစ်ပါတယ်။
တနည်းပြောရင် အုပ်ချုပ်ပိုင်ခွင့် တရား၀င်စေဖို့လို့ ပြောလို့ရပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူ ရွေးချယ်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သက်တမ်းဟာ ၂၀၀၈ ခြေ/ဥအရ ၅ နှစ် ဖြစ်ပါတယ်။ အခုက ၂၀၂၅ ခုနှစ်ဆိုတော့ ၅ နှစ် သက်တမ်းပြည့်ပြီလို့ ဆိုကောင်းဆိုနိုင်ပါတယ်။
အဲဒီအတိုင်းလည်း သက်တမ်းပြည့်သွားလို့ ရွေးကောက်ပွဲ ထပ်လုပ်တာလို့ ပြောဆို ဝါဒဖြန့်နေတာတွေ ရှိပါတယ်။ တကယ်တော့ အဲဒီဟာက မမှန်ပါဘူး။ ဘာကြောင့်လဲဆို လွှတ်တော်ရဲ့ သက်တမ်း ၅ နှစ်ဟာ လွှတ်တော်အစည်းအဝေး ကျင်းပနိုင်မှသာ စတင်ကျင်းပတဲ့နေ့ကစလို့ စတင်ရေတွက်ရတာဖြစ်တဲ့အတွက် လွှတ်တော် စတင်မကျင်းပခင် အာဏာသိမ်းလိုက်တာကြောင့် သက်တမ်းကုန်ဖို့နေနေသာ သက်တမ်း ၅ နှစ်က စကိုမစရသေးပါဘူး။ ဒါကြောင့် သက်တမ်းကုန်တယ်ဆိုတာ လုံး၀မမှန်ပါဘူး။ တရား၀င်မှုရှိနေဆဲ ဖြစ်ပါတယ်။
စကစက ရွေးကောက်ပွဲလုပ်ရတဲ့ ဒုတိယရည်ရွယ်ချက်ကတော့ အာဏာသိမ်းတာ မဟုတ်ဘူး။ အာဏာထိန်းတာလို့ ပြောခဲ့တဲ့ သူ့စကားအတိုင်း ရွေးကောက်ပွဲ ပြန်လုပ်ပေးပြီး ပြည်သူက ရွေးလိုက်သူတွေကို အာဏာပြန်လွှဲပေးတယ်လို့ နိုင်ငံတကာအသိုက်အဝန်းကို လိမ်ဆင်တခု ပြဖို့ပါ။
တတိယကတော့ ၂၀၀၈ ခြေ/ဥ ထဲက သူတို့ကို ကိုယ့်ကြိုးနဲ့ကိုယ် ပြန်ငြိစေခဲ့တဲ့ လစ်ကွက် ဟာကွက်တွေကို ပြင်ဖို့အတွက် သူတို့သဘောအတိုင်း ဆောင်ရွက်ပေးမယ့် အမည်ခံလွှတ်တော်တခု လိုအပ်လို့ပါပဲ။
စကစရဲ့ ရွေးကောက်ပွဲ ကျင်းပတဲ့လုပ်ငန်းစဉ်သာ အောင်မြင်သွားရင် မြန်မာပြည်သူတွေဟာ ပိုမိုဆိုးရွားတဲ့ စစ်အာဏာရှင်စနစ်အောက်ကို သွတ်သွင်းခံရမှာပါ။ သမ္မတ လုပ်ပိုင်ခွင့်ထဲ လုံး၀ရောက်နေတဲ့ ကာ/လုံ ခေါ်ခွင့်၊ ဖွဲ့စည်းပုံခုံရုံးဥက္ကဋ္ဌနဲ့ အဖွဲ့၀င်တွေ ခန့်ထားပိုင်ခွင့်၊ ရွေး/ကော် ခံထားပိုင်ခွင့်တွေကို သမ္မတလုပ်ပိုင်ခွင့်အောက်က လုံးလုံးလျားလျား၊ ဒါမှမဟုတ် အများ စုဆွဲထုတ်မှာပါ။
ကာ/လုံ ဥပဒေတရပ်ကို ရေးဆွဲ အသက်သွင်းပြီး သမ္မတကိုလည်း ကာ/လုံ က ကြိုးဆွဲလို့ရအောင် လုပ်သွားမှာပါ။
ဒ့ါအပြင် တပ်က အရင် ၂၅ ရာခိုင်နှုန်းပါတာထက်ပိုပြီး ထိုင်းပုံစံလို ၃၅ ရာခိုင်နှုန်းအထိ တရား၀င် ပါလာတာမျိုးလည်း လုပ်လာမှာပါ။ ဒါဆိုရင် မြန်မာပြည်သူတွေဟာ အရင် ဦးသိန်းစိန် အစိုးရလက်ထက် ကာလနဲ့ NLD အစိုးရလက်ထက်ကာလများက စစ်တပိုင်းအစိုးရလက်အောက် အခြေအနေများထက် အရမ်းကို ပိုမိုဆိုးရွားပြီး ဥပဒေထဲက လုံး၀လှန်လို့မရအောင် ချုပ်ထားတဲ့ ပိုမိုဆိုးရွားတဲ့ စစ်အာဏာရှင်စနစ်အောက်ကို ကျရောက်သွားတော့မှာ ဖြစ်ပါတယ်။
အဲဒါဆို ဒါကိုသိတဲ့ ပြည်သူက ရွေးကောက်ပွဲမှာ ဘာမျှမလုပ်နိုင်ဘူးလားလို့ မေးရင်လည်း မလုပ်နိုင်ဘူးလို့ပဲ ဖြေပါရစေ။ မဲရလဒ်ကိုလည်း လိုသလို ပြောင်းနိုင်တာမို့လို့ပါ။ မဲသွားမထည့်လည်း ကိုယ့်နာမည်နဲ့ မဲကို သူတို့ လုပ်ချင်သလို လုပ်မယ်။ အာဏာရှင်စနစ်အောက်မှာ ကိန်းဂဏန်းဟာ သူ လိုချင်သလို ပြလို့ရတဲ့ အရာတခုဆိုတာ ဗိုလ်သန်းရွှေ ၂၀၀၈ နာဂစ်ခြေ/ဥ လူထုဆန္ဒခံယူပွဲမှာ ၂၀၀၈ ခြေ/ဥကို ထောက်ခံတယ်ဆိုပြီး ထုတ်ပြန်ခဲ့တဲ့ ၉၂.၄၈ ရာခိုင်နှုန်း ဆိုတဲ့ ကိန်းဂဏန်းကို ပြန်မှတ်မိရင် အငြင်းပွားစရာရှိမယ် မထင်ပါဘူး။
ရွေးကောက်ပွဲ ပြီးရင် ဗိုလ်မင်းအောင်လှိုင်က နားမှာလား။ ဒါမှမဟုတ် သူက သမ္မတလုပ်ပြီး သူ ယုံကြည်စိတ်ချတဲ့ တယောက်ကို ကာချုပ်ခန့်ပြီး တပ်ကို ကိုင်ခိုင်းမှာလား ဆိုတဲ့ ခန့်မှန်းပြောဆိုမှုတွေ ရှိပေမဲ့ ဒီလို ဖြစ်လာမယ် မဟုတ်ပါဘူး။
ဗိုလ်မင်းအောင်လှိုင်က သမ္မတ နေရာကို သူ ယူမှာဖြစ်သလို တပ်ကို ဆက်ကိုင်လို့ရအောင်လည်း တဖက်က လုပ်မှာပါ။ ဘာကြောင့်လဲဆို အဲဒီလိုမလုပ်ဘဲ သူ သမ္မတ နေရာပဲယူပြီး တပ်ကိုလွှဲရင် တကယ့်အာဏာက ကာချုပ် လက်ထဲမှာရှိတဲ့အတွက် ကာချုပ်ကို သူ စိတ်ချမှာမဟုတ်ပါဘူး။ သူက ကာချုပ်ဆက်လုပ်ရင်လည်း သမ္မတကို အရိုအသေပေးရမယ်။ နောက်တလှမ်းဆုတ်နေရမှာကို သူ မဖြစ်ချင်ပါဘူး။ ဒါကြောင့် အာဏာ ၂ ခုစလုံးကို ကိုင်ထားလို့ရတဲ့ အခုလက်ရှိ အနေအထားမျိုးအတိုင်း ဆက်သွားလို့ရမယ့် အခင်းအကျင်းတခုကို ဖန်တီးမှာပါ။ တရုတ်ပုံစံ ဗဟိုစစ်ကော်ရှင်ဥက္ကဋ္ဌ လို နေရာတခု ဖန်တီးပြီး လုပ်သွားမယ်လို့မြင်တယ်။
တကယ်တော့ ဗိုလ်မင်းအောင်လှိုင်အနားယူလိုက်တာ (ဒါမှမဟုတ်) ဆက်ရှိနေတာ ဘာမျှ အရေးပါတဲ့အချက်မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဗိုလ်မင်းအောင်လှိုင်ဟာ စစ်အာဏာရှင်စနစ်ထဲက အစိတ်အပိုင်းတခုသာဖြစ်လိုပါပဲ။ စစ်အာဏာရှင်စနစ်ကိုသာ ချုပ်ငြိမ်းအောင်မလုပ်နိုင်ရင် စစ်အာဏာရှင်စနစ်က ဗိုလ်မင်းအောင်လှိုင်လိုလူတွေ အများအပြားကို လိုရင်လိုသလို ထုတ်နိုင်တဲ့ စက်ကြီးဖြစ်လို့ပါပဲ။ ဒါဆိုရင် မေးစရာတခုရှိတာက ဗိုလ်မင်းအောင်လှိုင်ကို ဖယ်ရှားပြီး ပြည်သူနဲ့ ပူးပေါင်းမယ့် သဘောထား ပျော့ပျောင်းတဲ့ ခေါင်းဆောင်တွေ မရှိနိုင်ဘူးလားဆိုတဲ့မေးခွန်းပါ။ ဘာကြောင့် ပြောရတာလဲဆိုတော့ သဘောထားပျော့ပျောင်းတဲ့ စစ်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးရေးဆိုတဲ့ လိုင်းတခုလည်း တက်နေလို့ပါ။ အဲဒီမေးခွန်းကို ဖြေရမယ်ဆိုရင် ဒါဟာ လက်တွေ့မကျတဲ့ စိတ်ကူးယဉ်မှုတခုလို့ပဲ ပြောရမှာပါ။
စစ်သားတွေထဲမှာ သဘောထားပျော့ပျောင်းတဲ့ ခေါင်းဆောင်မရှိဘူးလို့ ယတိပြတ်မပြောနိုင်ပေမဲ့ မူဝါဒ ချမှတ်နိုင်တဲ့အဆင့် (Policy Level ) မှာတော့ မရှိနိုင်ပါဘူး။ ရှိခဲ့ရင်တောင် အဲဒီလူဟာ လှုပ်လို့မရပါဘူး။ ရှေ့က ဖြစ်ခဲ့ဘူးတဲ့ တန်ပြန်အာဏာသိမ်းဖို့ ကြိုးစားခဲ့တဲ့ ဖြစ်ရပ်မျိုး မဖြစ်အောင် တပ်မှာ အစီအမံတွေ လုပ်ထားပါတယ်။ ဥပမာ- ပြောရင် တိုင်းစစ်ဌာနချုပ်နယ်မြေတခုအတွင်းမှာ တိုင်းမှူးအမိန့်အောက်က မဟုတ်တဲ့ အခြားအမိန့်ပေးယန္တရားနဲ့ ကွပ်ကဲထားတဲ့ တပ်တွေ ထည့်ထားပြီး ပြန်ထိန်းထားတာမျိုးပါ။ ဒါကြောင့် ဖောက်ဖို့ ခက်ပါတယ်။ ဒီဘက်အင်အားစုက ထည့်တွက်စရာ အတိုင်းအတာတခုထိ စစ်ရေးမှာ လောက်လောက်လားလား အသာစီးရမှုနဲ့ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု၊ ကူညီထောက်ပံ့မှုတို့ မရမခြင်း ဒီကိစ္စက အင်မတန် ဖြစ်တန်စွမ်းနည်းပါတယ်။
မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပါတယ်ဆိုတဲ့ သာမန်သတင်းစကားလောက်ကတော့ ဘာမှအားမကိုးလောက်ပါဘူး။ တနည်းပြောရင်တော့ တပ်ကို မဖြစ်မနေ နိုင်ငံရေးက ထွက်သွားနိုင်မယ့် အခြေအနေတခု ဖြစ်အောင်မလုပ်နိုင်မခြင်း၊ တွန်းအားမပေးနိုင်မခြင်း အဲဒါကို မျှော်မှန်းဖို့ ခက်ပါတယ်။ စစ်ကောင်စီ လူသစ်စုဆောင်းမှုအောင်မြင်နေတာ တော်လှန်ရေးအပေါ် သက်ရောက်မှု ကြီးပါတယ်။ စကစ ဟာ တိုက်တိုင်းရှုံးပြီး မြို့ ၁၀၀ လောက် အသိမ်းခံတဲ့ဘ၀ကနေစပြီး အဖတ်ဆယ်လို့ ရလာပါပြီ။ အခုစုလို့ရတဲ့ အင်အားဟာ သူ ပြုန်းတီးခဲ့တဲ့ အင်အားထက်တောင် ပိုများနေပါပြီ။
ဒါကြောင့်မို့လည်း ကျောက်ဖြူ၊ ဗန်းမော်၊ နတ်ရေကန်နဲ့ ဧရာ၀တီတိုင်းတို့မှာ “ထု” နဲ့ ခံထားသလို မိုးဗြဲ၊ တောင်ခမ်း၊ နောင်ချို ဘက်မှာ “ထု” နဲ့ ပြန်ပြီး ထိုးစစ်ဆင်မှု ပြန်လည်သိမ်းယူမှုတွေ လုပ်လာနိုင်တာ တွေ့ရပါတယ်။ တဖက်မှာလည်း လေကြောင်းက စိုးမိုးမှုကိုလည်း ရထားတဲ့အပြင် အဆင်မြင့်နည်းပညာသုံး လက်နက်တွေ၊ ထိရောက်တဲ့ ပြင်းအားရှိတဲ့ လက်နက်တွေနဲ့ ဒရုန်းတွေပါ ဖောဖောသီသီ သုံးပြီးတိုက်နေတာပါ။ ဒါကြောင့် တော်လှန်ရေးဘက်က သိမ်းထားတဲ့ နောက်ထပ် နေရာအချို့လည်း လက်လွှတ်ရနိုင်ပါတယ်။
ဒီလိုပြောလို့ စိတ်ပျက်မသွားပါနဲ့။ ဒါက အခြေအနေမှန်ကို ပြောတာပါ။ ဒါပေမဲ့ သူ့မှာလည်း အားနည်းချက်တွေ ရှိနေပါသေးတယ်။ “ထု” ပြန်ရှိသွားပေမဲ့ အဲဒီထုဟာ ကျစ်လျစ်တဲ့ “ထု” တော့ မဖြစ်သေးပါဘူး။ လက်ပူတိုက်ထားတဲ့ အဆင့်ပါ။ နောက်တခုက စိတ်ဓာတ်ရေးရာအရ မခိုင်မာတာပါ။ တပ်ပြင်ထွက်တာနဲ့ ရန်သူချည်းဖြစ်နေတာနဲ့ ပြည်သူချဉ်ဖတ် ဖြစ်နေတာက သူတို့ကို စိတ်ပိုင်းဆိုင်ရာ နိမ့်ကျစေပါတယ်။ သူတို့လုပ်နေတဲ့ အလုပ်အပေါ် ယုံကြည်မှု ကျစေပါတယ်။ လမ်းဘေးက စုထားတဲ့သူတွေ၊ အတင်းအဓမ္မ စစ်မှုထမ်းစုဆောင်းမှုကြောင့် ပါလာရတဲ့ စစ်သားတွေနဲ့ စီးပွားတွက်ကိန်းနဲ့ စစ်ထဲ၀င်လာတဲ့ စစ်ဗိုလ်တွေကိုသုံးပြီး စစ်တိုက်နေတာပါ။ စစ်သားသစ်တွေကို စစ်ပွဲနဲ့ ယဉ်ပါးအောင်၊ စစ်တပ်ထဲမှာ ပျော်အောင် အနီးကပ်ကွပ်ညှပ်မယ်၊ အကြပ်နဲ့ အရာခံတွေလည်း ရှေ့ပိုင်းတိုက်ပွဲတွေမှာ အများအပြား ဆုံးရှုံးထားတာ ပြန်မဖြည့်နိုင်သေးပါဘူး။ ဒါကြောင့် လွယ်လင့်တကူ လက်နက်ချတာ၊ လက်နက်ယူပြီး ထွက်ပြေးတာ၊ ဘက်ပြောင်းခိုလှုံတာတွေ အများအပြား ဖြစ်နေတာပါ။ ရေရှည်မှာတော့ ဒါကို သူ ပြန်ဖြည့်နိုင်သွားမှာပါ။ ဒါကို သူ ပြန်မဖြည့်နိုင်ခင် ကိုယ့်ဘက်က အသာစီးရအောင် တိုက်ရပါမယ်။
သူ စစ်မှုထမ်းစုလို့ ရလို့ အားပြန်ရှိလာသလို ကိုယ့်မှာလည်း အားရှိပါတယ်။ အားရှိလျက်နဲ့ အားကို မသုံးနိုင်တာဟာ စည်းလုံးညီညွတ်မှု မရှိလို့ပါ။ စည်းလုံးညီညွတ်မှုရှိရင် နိုင်ငံရေးတပ်ပေါင်းစု စစ်ရေးတပ်ပေါင်းစုနဲ့ နိုင်ငံရေးထိုးစစ်တွေ၊ မဟာဗျူဟာမြောက် စစ်ဆင်ရေးတွေ ဆင်နွှဲပြီး နိုင်ငံရေးချိန်ခွင်လျှာ၊ စစ်ရေးချိန်ခွင်ရှာတွေကို ပြောင်းလဲနိုင်မှာပါ။ သူ ဖော်လာတဲ့ လမ်းကြောင်းတွေကို လိုက်ဖျက်နေတာထက်စာရင် ကိုယ်လမ်းကြောင်း ကိုယ်ဖော်ပြီး လျှောက်နိုင်ရင် သူ့ရွေးကောက်ပွဲ အောင်မြင်သွားရင် တော်လှန်ရေးဘက်က ဘာတွေ ထိခိုက်သွားမယ် ဆိုတာမျိုးကို ရှည်ရှည်ဝေးဝေး တွေးနေစရာတောင် မလိုပါဘူး။
ဒါကြောင့် တခုတည်းသော နည်းလမ်းက ဒီလိုအခြေအနေမျိုးမရောက်အောင် တားဆီးနိုင်ဖို့ပါ။ ဒါကို တားဆီးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှာ တာဝန်ရှိသလို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေမှာလည်း တာဝန်ရှိပါတယ်။ စစ်သား စုဆောင်းခံရတဲ့ လူငယ်တွေနဲ့ ပြည်သူလူထု ကိုယ်တိုင်လည်း တာဝန်ရှိပါတယ်။
ဒါကို အသိစိတ်ရှိရှိနဲ့ ကာကွယ်နိုင်ဖို့ လိုအပ်တယ်လို့ မြင်မိပါတယ်။ ရွေး ငြိမ်း လမ်းကြောင်းဟာ အသစ် မဟုတ်ပါဘူး။ လမ်းဟောင်းကြီးပါ။ ဒီလမ်းဟောင်းကြီးထဲကို ပြန်ရောက်သွားပြီဆိုလျှင် နောက်တကြိမ် ထွက်ပေါက်ရဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ မြန်မာနိုင်ငံဟာ အာဏာရှင် လက်အောက် ထာ၀ရ ရောက်ရှိသွားမှာပါ။ ဒီလမ်းလမ်းကြောင်းဟာ အန္တရာယ်အရမ်းများတယ် ဆိုတာကို အားလုံး သဘောပေါက်နေဖို့ လိုပါတယ်။