Home
နိုင်ငံတကာ
ရွှေ့ပြောင်းဆန့်ကျင်သည့် ဂျပန်ပါတီ ရွေးကောက်ပွဲ ရလဒ်ကောင်း
DVB
·
July 21, 2025
Photo: REUTERS/Manami Yamada

“ဂျပန်ပထမ” ကြွေးကြော်သံနဲ့ မဲဆွယ်ခဲ့တဲ့ ဆန်စေတိုပါတီဟာ  ဂျပန်အထက်လွှတ်တော် ရွေးကောက်ပွဲမှာ အမတ် ၁၄ နေရာအထိ ရခဲ့ပါတယ်။

ရွှေ့ပြောင်းနေထိုင်သူတွေအပေါ် ဆန့်ကျင်ရေးသဘောထားရှိတဲ့ ဆန်စေတိုပါတီဟာ ရွှေ့ပြောင်းတွေ တိတ်တဆိတ် ကျူးကျော်နေပြီလို့ သတိပေးခဲ့သလို အခွန်လျှော့ပေးမယ်၊ လူမှုဖူလုံရေးတွေ တိုးပေးမယ်ဆိုတဲ့ အချက်တွေနဲ့ မဲဆွယ်ခဲ့တာဖြစ်ပါတယ်။

ပါတီခေါင်းဆောင်  ဆိုဟေးကာမီယာဟာ ဂျပန်ဧကရာဇ် အနေနဲ့ ဆက်ခံသူ မျိုးဆက်ပေါများရေး ကိုယ်လုပ်တော်တွေထားဖို့ လိုတယ်ဆိုတဲ့ မှတ်ချက်တွေ၊ ကျား မ သာတူညီမျှရေး မူဝါဒကြောင့် အမျိုးသမီးတွေ အလုပ်လုပ်ပြီး ကလေးမမွေး ဖြစ်တော့တာဆိုတဲ့ မှတ်ချက်တွေကြောင့် ထင်ရှားသူ ဖြစ်ပါတယ်။

စူပါမားကတ်မန်နေဂျာဟောင်း၊ အင်္ဂလိပ်စာဆရာဘဝက လာတဲ့ ကာမီယာဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ရဲတင်းတဲ့ နိုင်ငံရေးစတိုင်ကို အတုယူခဲ့တာလို့ ဝန်ခံထားပါတယ်။

ကိုဗစ်ကာလအတွင်းမှာ ကာကွယ်ဆေးကို မယုံကြည်တာ၊ လူတစုက ကမ္ဘာကြီးကို စီမံနေတယ် ဆိုတာမျိုး လျှို့ဝှက်ပူးပေါင်းကြံစည်မှုတွေကို ဖြန့်ဖြူးတဲ့ ယူကျုစာမျက်နှာတခုကနေ ဒီပါတီ စတင်ပေါက်ဖွားလာခဲ့တာ ဖြစ်ပါတယ်။

အမတ် ၂၄၈ နေရာရှိတဲ့ အထက်လွှတ်တော်မှာ ထက်ဝက်ဖြစ်တဲ့ ၁၂၄ နေရာကို ရွေးကောက်ပွဲ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ဒီအထဲက ၁၄ နေရာဆိုတာ ၁၀ ရာခိုင်နှုန်းကျော်ပြီးတော့ လွန်ခဲ့တဲ့ ၃ နှစ်က အမတ်တနေရာသာ ရှိခဲ့ရာကနေ တဟုန်ထိုး တက်လာခဲ့တာ ဖြစ်ပါတယ်။

လုပ်ပိုင်ခွင့်ပိုရှိတဲ့ အောက်လွှတ်တော်မှာတော့ ဆန်စေတိုပါတီဟာ အမတ် ၃ နေရာပဲ ရထားပါသေးတယ်။

ဂျပန်အာဏာရညွန့်ပေါင်းအစိုးရကတော့ အထက်လွှတ်တော်ကို ထိန်းချုပ်ထားမှုပါ စွန့်လွှတ်ခဲ့ရပါတယ်။

ဝန်ကြီးချုပ် အီရှိဘရဲ့ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) နဲ့ ညွန့်ပေါင်းမိတ်ဖက်  ကိုမီတို နှစ်ပါတီပေါင်းတာတောင် အထက်လွှတ်တော်ကို ထိန်းချုပ်ဖို့ အမတ်ထက်ဝက်မကျော်တော့တဲ့ အခြေအနေ ရောက်သွားခဲ့ပါတယ်။

အီရှိဘ ဦးဆောင်တဲ့ အာဏာရညွန့်ပေါင်းဟာ ပြီးခဲ့တဲ့ အောက်တိုဘာ အောက်လွှတ်တော် ရွေးကောက်ပွဲမှာလည်း ရလဒ်မကောင်းခဲ့ပါဘူး။

လက်ရှိ လွှတ်တော်နှစ်ရပ်စလုံးမှာ အင်အားအကောင်းဆုံးအဖြစ် ဆက်ရပ်တည်နေပေမဲ့ အမတ်ထက်ဝက်မကျော်တော့တဲ့အတွက် အယုံအကြည်မရှိအဆို တင်သွင်းပြီး ဖြုတ်ချခံရနိုင်တဲ့အန္တရာယ် ရှိနေပါတယ်။

ပါတီတွင်းမှာလည်း ခေါင်းဆောင်ပိုင်း အပြောင်းအလဲ ဖြစ်လာနိုင်တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

အင်မတန်အရေးကြီးတဲ့ အမေရိကန်နဲ့ စည်းကြပ်ခွန်ကိစ္စ ညှိနှိုင်းမှုတွေ လုပ်နေရတဲ့ကာလ ဖြစ်တဲ့အတွက် ပါတီခေါင်းဆောင်အဖြစ်ရော၊ ဝန်ကြီးချုပ်အဖြစ်ပါ ဆက်ရှိနေမယ်လို့ အီရှိဘက ပြောထားပါတယ်။

Source: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024