
၂၀၂၅ နှစ်ကုန်၊၂၀၂၆ နှစ်ဆန်းမှာ ရွေးကောက်ပွဲကျင်းပမယ်လို့ စကစဘက်က ထုတ်ပြန်ကြေညာ လိုက်တဲ့အချိန်မှာ စကစကို ထောက်ခံသူတွေက ရွေးကောက်ပွဲပြီးလို့ အရပ်သားအစိုးရ ဖွဲ့လိုက်ပြီဆိုရင် တရုတ်နိုင်ငံရဲ့ထောက်ခံအားပေးမှုနဲ့ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု ရတော့မယ်၊ ကုလသမဂ္ဂမှာ ကိုယ်စားပြုခွင့်ရတော့မယ်ဆိုပြီး မစားရဝခမန်း၊ ဝါဒဖြန့်လာကြပါတယ်။
မဟာဗျူဟာအရ စကစ က အပေါ်စီးရလာပြီး အပြီးသတ်အောင်ပွဲခံတော့မယ်ပေါ့။ တချို့ပြည်သူတွေကလည်း စကစ ဝါဒဖြန့်မှုတွေကြားမှာ ငါတို့များ ရှုံးသွား လေမလား စိုးရိမ်လာကြပါတယ်။
စကစ စစ်အုပ်စုရဲ့ရည်ရွယ်ချက်က နွေဦးတော်လှန်ရေးအောင်ပွဲအပေါ် ပြည်သူတွေ သံသယဝင်လာအောင်၊ ရှုံးတော့မလားလို့ စိုးရိမ်လာအောင် ပစ်မှတ်ထား လုပ်ဆောင်နေတယ် ဆိုတာကို သတိပြုဖို့ လိုအပ်ပါတယ်။ တိုင်းပြည်ရဲ့ အနာဂတ်လားရာကို မှန်းဆနိုင်ဖို့ဆိုရင်၊ အချက်အလက်အပေါ် အခြေခံ သုံးသပ်ကြည့်ဖို့ လိုအပ်ပါတယ်။
စကစ က ရွေးကောက်ပွဲကို ဒီနှစ်ဒီဇင်ဘာလကုန်မှာ လုပ်မယ်ဆိုရင်တောင် ငါးလခွဲ လိုပါသေးတယ်။ တိုင်းပြည်ရဲ့အခြေအနေက ငါးလခွဲမပြောနဲ့၊ တစ်လနှစ်လအတွင်း ဘာဖြစ်မယ် ဆိုတာကိုတောင် ခန့်မှန်းဖို့ မလွယ်တဲ့အခြေအနေမျိုးပါ။ နိုင်ငံရေးအရ မျှော်ကြည့်လိုက်ရင် ဘာကိုမှ တိတိကျကျ မပြောနိုင်၊ မြင်ကွင်းအားလုံးက ဝိုးတိုးဝါးတား။ စီးပွားရေးဆိုတာကလည်း ဘယ်တော့ ပြဿနာတက်မလဲလို့ ရင်တမမ စောင့်ကြည့်နေရတဲ့အချိန်။ စစ်ရေးဆိုတာကတော့ ပြော မပြောချင်ဘူးဆိုရမှာပဲ။ စစ်ရှုံးစစ်တပ်ဘဝကနေ” နောင်ချိုကိုပြန်ထိုးစစ်ဆင်နိုင်၊ ဗန်းမော်မှာ ဟန့်တားထားနိုင်" ဆိုတာကလွဲရင် အောင်ပွဲဆိုတာ ပြစရာမရှိတဲ့အချိန်။ ဒါတွေက ပကတိအခြေအနေ၊ အချက်အလက်အမှန်တွေပါ။ ရှင်းရှင်းပဲ ပြောရရင် နောက်ငါးလခွဲမှာ စကစ က ရွေးကောက်ပွဲကျင်းပနိုင်မယ်ဆိုတာက အာမခံချက်ပေးနိုင်တဲ့အချက်အလက် လုံးဝ မရှိပါဘူး။ အနာဂတ်အလားအလာကို မှန်းဆတဲ့အခါ ဒီအချက်ကို အုတ်မြစ်ထား သုံးသပ်ရမှာပါ။
စကစလော်ဘီတွေက ဝါဒဖြန့်တဲ့နေရာမှာ ရုရှား၊ ဘီလာရုစ်၊ တရုတ်တို့က ပံ့ပိုးရောင်းချတဲ့ ခေတ်မီစစ်နည်းပညာ၊ စစ်လက်နက်တွေကြောင့် စကစ စစ်တပ်က အောင်ပွဲခံနိုင်တော့မယ်ပေါ့။ စကစ လော်ဘီတွေက နောင်ချို၊ ဗန်းမော်တိုက်ပွဲတွေကို၊ မဟာအောင်ပွဲလို ဝါဒဖြန့်ကြပါတယ်။ ရှေ့ကို ကိုက် ၁၀၀ လောက်တိုးဖို့ ဘယ်လောက်သေသေ၊ လက်နက်ကြီး ဘယ်လောက်သုံးရ သုံးရ၊ ဗုံး ဘယ်လောက်ကြဲရ ကြဲရ၊ ထိုးစစ်ဆင်နေတဲ့ စကစ စစ်ဗျုဟာက ဘယ်လောက် စစ်ရည်စစ်သွေး ညံ့ဖျင်းတယ်ဆိုတာကို ပြနေတာပါ။ ၁ သိန်းရင်းပြီး ၁၀၀ လောက်မြတ်တဲ့ လုပ်ရပ်ပါ။ တိုင်းပြည်ရင်းမြစ်တွေကို ဖြုန်းတီးနေတဲ့ စစ်ဗျူဟာပါ။ ဒီလိုညံ့ဖျင်းတဲ့ စစ်ဗျူဟာနဲ့ အရှုံးကနေ အနိုင်လုပ်မယ်ဆိုတာကတော့ အိပ်မက် မက်၊ စိတ်ကူးယဉ်တာနဲ့ အတူတူပါပဲ။
ပြည်ပနိုင်ငံတွေက ဘယ်လိုခေတ်မီစစ်နည်းပညာ၊ စစ်လက်နက်တွေ ပေးပေး "ကိုယ့် ခေါင်းဆောင်အပေါ် မလေးစားတဲ့စစ်တပ်၊ ကိုယ့်စစ်တပ်အပေါ် မယုံကြည်တဲ့ စစ်သည်ဗိုလ်ပါ။ ဆရာမွေး တပည့်မွေး အကျင့်ပျက်လာဘ်စားမှု အမြစ်တွယ်နေတဲ့စစ်တပ်၊ လူထုရဲ့ရွံရှာ စက်ဆုပ်တာကိုခံနေရတဲ့ စစ်တပ်" ဒီလိုစိတ်ဓာတ်ဝိညာဉ်ကင်းမဲ့နေတဲ့ စစ်တပ်ဟာ အောင်ပွဲရ အောင် တိုက်နိုင်စွမ်းရှိတဲ့ စစ်တပ် မဖြစ်နိုင်ပါဘူး။ စစ်တပ်အရာရှိဆိုတာ ဖုံးကွယ်ပြီးမှ ခရီးထွက်ရဲတဲ့စစ်တပ်၊ ကိုယ့်အိမ်နေရာ လူသိသွားရင် နေရာပြောင်းရတဲ့စစ်တပ်၊ ဒီလိုစစ်တပ်ဟာ အတွင်းမှာ ဟောင်းလောင်း ဖြစ်နေတဲ့ သစ်ပင်လို ရှင်သန်နိုင်စွမ်းမရှိတော့တဲ့ ဝိညာဉ်မဲ့ စစ်တပ်ပါ။ တိုက်ပွဲနိုင်အောင် တိုက်နိုင်စွမ်းမရှိတော့တဲ့ စစ်တပ်ပါ။ ဗီယက်နမ်ကိုပဲ ကြည့်ကြည့်၊ အာဖဂန်နစ္စတန်ကိုပဲ ကြည့်ကြည့်၊ ဝိညာဉ်ကင်းမဲ့နေတဲ့စစ်တပ်ဟာ အရှုံးကိုပဲ ရင်ဆိုင်ရတာပါ။
နောက်တချက်က ပြည်ပနိုင်ငံတွေရဲ့ ရပ်တည်ချက်ဆိုတာကလည်း မြေပြင်ပကတိ အခြေအနေပေါ် မူတည်ပြီး ပြောင်းလဲနိုင်တဲ့ ကိစ္စမျိုးပါ။ ထာဝရမပြောင်းလဲဘဲ ရှိနေမယ့် ကိစ္စမျိုး မဟုတ်ပါဘူး။ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့က ရက္ခိုင့်တပ်တော် (AA) နဲ့ ထိတွေ့ဆက်ဆံလာတာကို ကြည့်ရင် သိနိုင်ပါတယ်။ တကယ်လို့သာ AA က ရခိုင်ပြည်နယ်တခုလုံးလွတ်မြောက်အောင် လုပ်နိုင်ခဲ့ရင်၊ KNU က ထိုင်း-မြန်မာနယ်စပ်တလျှောက် ထိန်းချုပ်နိုင်ခဲ့ရင်၊ အိမ်နီးချင်း နိုင်ငံတွေရဲ့ နွေဦးတော်လှန်ရေးအပေါ် အမြင်သဘောထားက မဆန့်ကျင်တဲ့အခြေအနေမျိုး ဖြစ်လာနိုင်ပါတယ်။ မျှတအောင်ပြောရရင် ဒါကဖြစ်လာမယ်လို့ မပြောနိုင်သလို မဖြစ်နိုင်ဘူးလို့လည်း မပြောနိုင်ပါဘူး။ ငါးလခွဲဆိုတဲ့ အချိန်ကာလအတွင်း ဘာမဆိုဖြစ်လာနိုင်တဲ့ အခြေအနေကို ထောက်ပြလိုတာပါ။
လားရှိုးကို ပြန်ပေးရတယ်ဆိုတဲ့ကိစ္စကိုလည်း သုံးသပ်ပြချင်ပါတယ်။ တရုတ်နိုင်ငံရဲ့ ဖိအားနဲ့ "နယ်မြေပြန်ယူ၊ ငြိမ်းချမ်းရေးတည်ဆောက်" ဆိုတာက "တံတွေးနဲ့ ကပ်ထားသလို မခိုင်မြဲတဲ့ လုပ်ရပ်ပါ။ MNDA နဲ့ TNLA ဟာ တရုတ်နိုင်ငံနဲ့ မိတ်မပျက်ဆက်ဆံရေး ထိန်းသိမ်းဖို့ ဒီလို လိုက်လျောခဲ့တာ ဖြစ်ပေမဲ့ သူတို့ရဲ့ စစ်ရေးအသာရမှု အနေအထားကိုတော့ စွန့်လွှတ်မှာ မဟုတ်ပါဘူး။ စကစ စစ်တပ်ရဲ့ နောင်ချိုကို ထိုးစစ်ဆင်လာတဲ့ အခြေအနေဟာ မြောက်ပိုင်း ညီနောင်သုံးဖွဲ့ကို တရုတ်နိုင်ငံနဲ့ အပေးအယူလုပ်ထားမှုအပေါ် ပြန်သုံးသပ်စေမှာပါ။
ကိုယ့်နယ်မြေသက်သက် ချုပ်ကိုင်နိုင်ရေးမှု ဝါဒဟာ၊ စကစ စစ်တပ်က ကျန်နယ်မြေတွေ ထိန်းချုပ်နိုင်တဲ့ အခါ မင်းတို့အလှည့်ပဲဆိုပြီး ပြန်စစ်ဆင်တိုက်ခိုက်လာမှာကို မြောက်ပိုင်း ညီနောင် သုံးဖွဲ့က သဘောပေါက်ထားပြီးသားပါ။ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး ကိုယ့်ကြမ္မာ ကိုယ်ပြဋ္ဌာန်းနိုင်ရေးဟာ မြောက်ပိုင်းသုံးဖွဲ့ရဲ့ ပင်မနိုင်ငံရေးဦးတည်ချက်ပါ။ တရုတ်ဖိအား ဒဏ်က လွတ်မြောက်ရေးဆိုတဲ့ ရေတိုရည်မှန်းချက်ကြောင့် ပင်မ နိုင်ငံရေးဦးတည်ချက် ပျောက်ရတဲ့ အဖြစ်မျိုးကို မြောက်ပိုင်းညီနောင်သုံးဖွဲ့က အဖြစ်ခံမှာ မဟုတ်ပါဘူး။ ပြောလိုတာက တရုတ်ဖိအားပေးတိုင်း တရုတ်ဖြစ်စေချင်သလိုဖြစ်လာမယ်ဆိုတဲ့ အာမခံချက် လုံးဝ လုံးဝ မရှိပါဘူး။
နောင်ချိုဖြစ်စဉ်ကို ကြည့်ပြီး အတွေးမလွန်ဖို့ လိုပါတယ်။ နောင်ချိုဖြစ်စဉ်ကြောင့်ပဲ မြောက်ပိုင်း ညီနောင်သုံးဖွဲ့ဟာ တရုတ်နဲ့ အပေးအယူလုပ်မယ့် အတိုင်းအတာအပေါ်ပြန်သုံးသပ်လာမှာပါ။ ကျန်နယ်မြေတွေမှာ ရလာမယ့်အောင်ပွဲတွေကတရုတ်ရဲ့ မြန်မာ့အရေးချဉ်းကပ်ပုံကို ပြောင်းလဲစေမှာပါ။
မလေးရှားနိုင်ငံခြားရေးဝန်ကြီးက "အင်အားစုအားလုံး ညှိနှိုင်းတိုင်ပင်မှုကို ဘေးဖယ်ပြီး စကစစစ်အုပ်စုက တဖက်သတ်လုပ်မယ့် ရွေးကောက်ပွဲဟာ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ပိုနက်ရှိုင်းစေမယ်"လို့ သုံးသပ်ပြောဆိုလိုက်တာဟာ၊ စကစ အတုအယောင် ရွေးကောက်ပွဲ ရလဒ်အပေါ် အာဆီယံက အသိအမှတ်ပြုမှာ မဟုတ်ဘူးဆိုတာကိုညွှန်ပြနေပါတယ်။
ဒါကလည်း ရှင်းပါတယ်။ အတုအယောင်ရွေးကောက်ပွဲရလဒ်ဟာ မြေပြင်ပကတိ အခြေအနေကို ပြောင်းလဲသွားအောင် လုပ်နိုင်စွမ်း မရှိပါဘူး။ ကိုယ့်ပြည်သူတွေကို ပစ်မှတ်ထား စစ်ဆင်နေတဲ့၊ စကစ စစ်အုပ်စုကို အာဆီယံကတောင် အသိအမှတ်မပြုခဲ့ရင် နိုင်ငံတကာက အသိအမှတ်ပြုမှာ မဟုတ်ပါဘူး။ တရုတ်က အသိအမှတ်ပြုခဲ့ရင် သူ့ရဲ့နိုင်ငံတကာ ပုံရိပ်ကို လောင်းကြေးထပ်ရမှာပါ။ ရွေးကောက်ပွဲကျင်းပနိုင်ရင်၊ စကစ စစ်အုပ်စု အခြေခိုင်သွားပြီဆိုတာ လိုရာပုံဖော်ထားတဲ့ တဖက်သတ်အတွေးပါ။
တပါတည်းပြောရရင် Peace Forum 2025 တို့၊ Program for Peace & Democracy တို့ဟာ အနှစ်သာရမရှိဘဲ မီးရှူးမီးပန်း ဖောက်ပြတဲ့ အပေါ်ယံ မျက်လှည့်ပြကွက်တွေပါ။ သမိုင်း အလှည့်အပြောင်းကို အပေါ်ယံ မီးရှူးမီးပန်းလုပ်ရပ်တွေနဲ့ ဖန်တီးတယ်ဆိုတာ ကမ္ဘာ့ သမိုင်း တလျှောက် မရှိခဲ့ပါဘူး။ အခုလည်းရှိမှာ မဟုတ်သလို နောင်လည်းရှိမှာ မဟုတ်ပါဘူး။ သမိုင်းအောင်ပွဲဆိုတာ လူထုဘက်မှာပဲ ရှိပါတယ်။
လင်းယုန်နက်