
တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့မြို့နယ်တွေကလွဲပြီး ကျန်တဲ့ မြို့နယ်အားလုံးမှာ ရွေးကောက်ပွဲကျင်းပနိုင်ခြေရှိတယ်လို့ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) ဥက္ကဋ္ဌ က ပြောပါတယ်။
စစ်ကောင်စီက ဒီနှစ်အကုန်မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို အပိုင်းလိုက် ကျင်းပသွားနိုင်သလို တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကလွဲပြီး ကျန်မြို့အားလုံးမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခြေရှိတယ်လို့ တနိုင်ငံလုံးအဆင့် ဝင်ပြိုင်မယ့် ကျားဖြူပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပြောပါတယ်။
သူတို့ပါတီအနေနဲ့ တနိုင်ငံလုံးမှာ ရုံးခန်းပေါင်း ၁၃၀ ကျော်ကို ဖွင့်လှစ်ပြီး ရွေးကောက်ပွဲ ဝင်ပြိုင်ဖို့အတွက် အဆင်သင့်ဖြစ်နေပြီလို့လည်း ဆိုပါတယ်။
လက်ရှိအချိန်မှာ စစ်တပ်ဟာ မြန်မာနိုင်ငံအနှံ့မှာ ရွေးကောက်ပွဲကို လုံလုံခြုံခြုံနဲ့ တရားမျှတအောင် ကျင်းပနိုင်တဲ့ အခြေအနေရှိမနေဘဲ စစ်တပ်ထောက်ခံသူတွေကတော့ ရွေးကောက်ပွဲ မဖြစ်ဖြစ်အောင် ကြိုးစားကြမှာဖြစ်တယ်လို့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောပါတယ်။
အခု စစ်တပ်ကလုပ်မယ့် ရွေးကောက်ပွဲဟာ အတုအယောင်ရွေးကောက်ပွဲ ဖြစ်တာကြောင့် နိုင်ငံတကာကရော လူထုကရော ထောက်ခံမှာမဟုတ်ပေမဲ့ တော်လှန်ရေးအင်အားစုတွေအတွက် ထောင်ခြောက်ဖြစ်တယ်လို့လည်း ဆိုပါတယ်။
တနိုင်ငံလုံးအနှံ့မှာ တိုက်ပွဲတွေက လျော့နည်းသွားခြင်းမရှိဘဲ အာဏာသိမ်းစစ်တပ်ဘက်ကရော တော်လှန်ရေးအင်အားစုတွေဘက်ကပါ နယ်မြေစိုးမိုးနိုင်ရေးအတွက် တိုက်ခိုက်နေကြတာကြောင့် ဒီကာလမှာလုပ်မယ့် ရွေးကောက်ပွဲဟာ လူထုအတွက် အန္တရာယ်ရှိတာကြောင့် ရွေးကောက်ပွဲ ကျင်းပနိုင်တဲ့ အခြေအနေ ရှိမနေဘူးလို့ ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှ ကလည်း သတိပေးပါတယ်။
အဲဒီအချက်ကို နိုင်ငံတကာဘက်ကလည်း စိုးရိမ်မှုရှိနေပြီး အာဆီယံနိုင်ငံတွေဘက်က ဒီနှစ်အကုန်မှာ အာဏာသိမ်းစစ်တပ်ဘက်က ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲဟာ ပြည်သူလူထုအတွက် အန္တရာယ်ဖြစ်နိုင်တာကြောင့် ရွေးကောက်ပွဲထက် ငြိမ်းချမ်းရေးကို ဦးစားပေး လုပ်ဆောင်ဖို့ စစ်ကောင်စီဘက်ကို သတိပေးထားပါတယ်။
စစ်ကောင်စီဘက်ကတော့ ရွေးကောက်ပွဲကို မြို့နယ်ပေါင်း ၂၆၇ မြို့နယ်မှာ ကျင်းပဖို့ စီစဉ်ဆောင်ရွက်နေသလို ရွေးကောက်ပွဲစနစ်ကို နိုင်သူအကုန်ယူစနစ်နဲ့ရော အချိုးချ ကိုယ်စားပြု PR ရွေးကောက်ပွဲစနစ်နဲ့ပါ လုပ်ဆောင်ဖို့ရှိတယ်လို့ ပြောဆိုထားပါတယ်။
အောင်သူ