
စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲပေးမယ့်သူတွေ၊ ရွေးကောက်ပွဲကော်မရှင်တွေနဲ့ ဝင်ပြိုင်တဲ့သူတွေကို နှောင့်ယှက်ရင် ထောင်ဒဏ် တသက်အထိချမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇူလိုင် ၂၉ ရက်မှာ ဥပဒေထုတ်ပါတယ်။
‘ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ရေးဥပဒေ’လို့ နာမည်ပေးထားပြီး ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီတွေ ဖွဲ့စည်းရမယ်ဆို့ သတ်မှတ်ထားပါတယ်။
ဒီကြီးကြပ်မှုဗဟိုကော်မတီကနေ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ ပြည်ထောင်စု နယ်မြေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ဒေသ၊ ခရိုင် သို့မဟုတ် မြို့နယ် ကြီးကြပ်မှုကော်မတီအဆင့်ဆင့် ဖွဲ့စည်းရ မှာဖြစ်ပါတယ်။
လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှု ဗဟိုကော်မတီရဲ့ လုပ်တာဝန်တွေထဲမှာ ရွေးကောက်ပွဲကာလအတွင်း လုံခြုံရေးကို ထိပါးစေနိုင်တဲ့ ပြည်တွင်း၊ ပြည်ပ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်သတင်းယူပြီး အရေးယူရမယ်ဆိုတဲ့ အချက် လည်း ပါဝင်ပါတယ်။
ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို ပျက်အောင် ဟောပြောစည်းရုံးလှုံ့ဆော်တာ၊ ဆန္ဒပြတာ၊ စာရေးသား ဖြန့်ချိတာ လုပ်မယ်ဆိုရင် ထောင်ဒဏ် ၃ နှစ်ကနေ ၇ နှစ်အထိနဲ့ ငွေဒဏ်လည်း ချနိုင်သလို လူစုလူဝေးနဲ့ လုပ်မယ်ဆိုရင်တော့ ထောင်ဒဏ် ၅ နှစ်ကနေ ၁၀ နှစ်အထိနဲ့ ငွေဒဏ်လည်း ချနိုင်တယ်လို့ ဆိုပါတယ်။
မဲပေးမယ့်သူတွေ၊ မဲရုံတာဝန်ရှိသူတွေနဲ့ ကော်မရှင်က တာဝန်ပေးထားသူတွေ၊ ကော်မရှင် တာဝန်ရှိသူတွေ၊ ရွေးကောက်ပွဲဝင်ပြိုင်သူတွေကို ခြိမ်းခြောက်ဟန့်တားတာ၊ နာကျင်အောင် လုပ်မယ်ဆိုရင် ထောင်ဒဏ် ၃ နှစ်ကနေ ၇ နှစ်အထိနဲ့ ငွေဒဏ်လည်း ချနိုင်သလို လူစုလူဝေးနဲ့ လုပ်မယ်ဆိုရင်တော့ ထောင်ဒဏ် ထောင်ဒဏ် ၅ နှစ်ကနေ ၁၀ နှစ်အထိနဲ့ ငွေဒဏ်လည်း ချနိုင်တယ်လို့ ဆိုပါတယ်။
အဲဒီသူတွေကို အပြင်းအထန် နာကျင်စေမယ်ဆိုရင်တော့ ထောင်ဒဏ် ၁၀ နှစ်ကနေ နှစ် ၂၀ အထိနဲ့ ငွေဒဏ်လည်း ချနိုင်သလို လူစုလူဝေးနဲ့လုပ်မယ်ဆိုရင်တော့ ထောင်ဒဏ် ထောင်ဒဏ် ၁၅ နှစ်ကနေ တသက်အထိနဲ့ ငွေဒဏ်လည်းချနိုင်တယ်လို့ ဆိုပါတယ်။
အဲဒါတွေလုပ်ရင်း တဦး တယောက် သေဆုံးတယ်ဆိုရင်တော့ သေဒဏ်အထိချဖို့နဲ့ အခု သတ်မှတ်ထားတာတွေကို ကျူးလွန်ဖို့ အားထုတ်ရင်၊ ပူးပေါင်းကြံစည် အားပေးကူညီရင် မူရင်းပြဋ္ဌာန်းထားတဲ့ ပြဏ်ဒဏ်ချရမယ်လို့လည်း သတ်မှတ်ထားပါတယ်။
အာဏာသိမ်းပြီး အစိုးရသက်တမ်းတခုနီးပါး အုပ်ချုပ်ခဲ့တဲ့ စစ်ခေါင်းဆောင်အနေနဲ့ ရွေးကောက်ပွဲကို မိမိစိတ်တိုင်းကျ လုပ်ကိုင်နိုင်ရေးအတွက် မိမိအာဏာတည်မြဲစဥ် ရသမျှဥပဒေကို ထုတ်နေတာလို့ တရားလွှတ်တော်ရှေ့နေတယောက်က DVB ကို ပြောပါတယ်။
“ရွေးကောက်ပွဲမှာ စစ်တပ်က သူလုပ်သမျှကို အပြစ်ပြောလို့မရအောင်၊ ဝေဖန်လို့မရအောင် ဥပဒေတွေနဲ့ ချည်နှောင်တာ။ အခုထုတ်တဲ့ဥပဒေထဲမှာ ပြည်သူက ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဝေဖန်လို့မရဘူး။ ဝေဖန်ရင်၊ ခြိမ်းခြောက်ရင် ရွေးကာဥပဒေနဲ့ ငြိမယ်။ ထောင်ဒဏ် ၃ နှစ်ကနေ လူစုလုဝေးနဲ့ ကျူးလွန်ရင် သေဒဏ်၊ လူသေတဲ့အထိဖြစ်ရင် သေဒဏ်၊ ငွေဒဏ်လည်း ဆောင်ရမယ်။ ပြောရရင် စစ်တပ်က ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင်လုပ်မှာ။”
ရွေးကောက်ပွဲကို ဝေဖန်၊ ခြိမ်းခြောက်တဲ့သူတွေကို စောင့်ကြည့်ဖို့နဲ့ မဲရုံဝန်ထမ်းကနေ လွှတ်တော်ကိုယ်စားလှယ်အထိ ကာကွယ်ပေးဖို့ “လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှု ဗဟိုကော်မတီ အဖွဲ့” ကို ဖွဲ့စည်းဖို့လည်း ဥပဒေမှာ ဖော်ပြထားတယ်လို့ သူကပြောပါတယ်။
စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ လိုအပ်ရင် ရွေးကောက်ပွဲက အနိုင်ရသူရဲ့ လူပုဂ္ဂိုလ် လုံခြုံရေးကို စီစဉ်ပေးရမယ်လို့လည်း ဥပဒေမှာဆိုထားပါတယ်။
လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးမှာ လုံခြုံရေးအတွက် ရဲအင်အား တောင်းနိုင်မှာဖြစ်ပါတယ်။
အလားတူ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်အနေနဲ့လည်း မဲစာရင်းပြုစုတာ၊ ရပ်ကွက်နဲ့ ကျေးရွာအုပ်စုအလိုက် မဲရုံနဲ့ မဲရုံတည်နေရာ သတ်မှတ်တာ၊ မဲရုံနဲ့ မဲရုံပရိဝုဏ် အတည်ပြုတာ၊ စစ်ဆေးတာ၊ မဲရုံတည်နေရာ ပြောင်းရွှေ့တာ၊ ဆန္ဒမဲလက်မှတ်၊ မဲပုံးနဲ့ မဲပေးတဲ့စက်၊ စက်ပစ္စည်းကိရိယာနဲ့ အသုံးအဆောင်ပစ္စည်းတွေ သယ်ယူရွှေ့ပြောင်း ထိန်းသိမ်းတာတွေမှာလည်း လိုအပ်တဲ့ လုံခြုံရေးပေးဖို့ ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီဆီမှာ တောင်းခံနိုင်တယ်လို့ ဆိုပါတယ်။