
ကာကွယ်ရေးဝန်ထမ်းဟောင်းတွေအနေနဲ့ ခွင့်ပြုချက်မရှိဘဲ လုံခြုံရေးဝန်ထမ်း လုပ်ရင် သေဒဏ်နဲ့ ထောင်ဒဏ် တသက်အထိ ချမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇူလိုင် ၂၈ ရက်မှာ ဥပဒေထုတ်လိုက်ပါတယ်။
‘စစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက်များ ထိန်းသိမ်းကာကွယ်ခြင်းဥပဒေ’ လို့ နာမည်ပေးထားပြီး ကာကွယ်ရေးဝန်ထမ်း ဆိုတာက ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေကို လိုက်နာရသူ၊ အဲဒီဥပဒေ မလိုက်နာရပေမဲ့ တပ်မတော်ရဲ့ အစိတ်အပိုင်းတခုခုမှာ အချိန်ပိုင်းဖြစ်ဖြစ်၊ အမြဲတမ်းဖြစ်ဖြစ် လုပ်ကိုင်ဆောင်ရွက်နေသူ၊ ရဲတပ်ဖွဲ့ဝင်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တို့ ဖြစ်တယ်လို့ သတ်မှတ်ထားပါတယ်။
စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်တွေဆိုတာကတော့ စစ်ဘက်ဆိုင်ရာ အဂ္ဂမဟာဗျူဟာတွေ၊ မဟာဗျူဟာတွေ၊ နည်းဗျူဟာတွေ၊ စစ်ဘက်လေ့ကျင့်ရေးဆိုင်ရာ ကိစ္စတွေ၊ တပ်မတော်ရေယာဉ်၊ လေယာဉ်၊ စက်ယန္တရား လက်နက်ခဲယမ်း စစ်အသုံးအဆောင်ပစ္စည်းတို့နဲ့ သက်ဆိုင်တဲ့ နည်းပညာတွေ၊ နည်းစနစ်တွေ၊ ထုတ်လုပ်တပ်ဆင်မှု ပညာရပ်တွေနဲ့ သတင်းအချက်အလက်တွေ အပါအဝင် စစ်ဘက်ဆိုင်ရာ နည်းပညာတွေ လုပ်ထုံးလုပ်နည်းတွေ ဒါမှမဟုတ် နည်းစနစ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ကာကွယ်ရေးဝန်ထမ်း ဒါမှမဟုတ် ဝန်ထမ်းဟောင်းတယောက်ဟာ နိုင်ငံခြားတိုင်းပြည်ရဲ့ စစ်ဘက်ဆိုင်ရာအဖွဲ့ မဟုတ်တဲ့ အဖွဲ့တခုခုမှာဖြစ်ဖြစ်၊ အဖွဲ့ရဲ့ကိုယ်စားလှယ်ဖြစ်ဖြစ် လုပ်မယ်ဆိုရင် ထောင်ဒဏ်တသက် ဒါမှဟုတ် သေဒဏ်ချမှတ်ရမယ်လို့ သတ်မှတ်ထားပါတယ်။
စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက် တရပ်ရပ်ကို သုံးပြီး နိုင်ငံထဲမှာဖြစ်ဖြစ်၊ နိုင်ငံအပြင်မှာဖြစ်ဖြစ်ရှိတဲ့ တရားဝင်လက်နက်ကိုင်အဖွဲ့အစည်း မဟုတ်တဲ့ အဖွဲ့အစည်း ဒါမှမဟုတ် ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းမှာ လုပ်မယ်ဆိုရင်လည်း ထောင်ဒဏ်တသက် ဒါမှဟုတ် သေဒဏ် ချမှတ်ရမယ်လို့ သတ်မှတ်ထားပါတယ်။
ကာကွယ်ရေးဝန်ထမ်းဟောင်းတွေအနေနဲ့ အခုဥပဒေအာဏာမတည်ခင်က ပုဂ္ဂလိကလုံခြုံရေး ဝန်ထမ်းအဖြစ် လုပ်နေတယ်ဆိုရင် ဥပဒေအာဏာတည်တဲ့နေ့ကစပြီး ၆ လအတွင်း ကာကွယ်ရေးဝန်ကြီးဌာနဆီမှာ ခွင့်ပြုချက် လျှောက်ထားရယူရမယ်လို့လည်း ဆိုပါတယ်။
စစ်ခေါင်းဆောင်ရဲ့ ဥပဒေမှာ ပုဒ်မ ၂၃ ခုပါဝင်ပြီး အခု ၂၀၂၅ ခုနှစ်မှာ ၄၄ ခုမြောက် ဥပဒေအဖြစ် ထုတ်ပြန်လာတာဖြစ်ပါတယ်။
ဒီဥပဒေအရ စွဲဆိုတဲ့ ပြစ်မှုတခုခုအတွက် တရားရုံးမှာ စစ်ဆေးနေတုန်း သက်သေခံချက် ဒါမှမဟုတ် ဖော်ပြတဲ့ အကြောင်းတခုခုကို အများကြားသိရင် နိုင်ငံတော်ရဲ့ လုံခြုံရေးကို ထိခိုက်စေမယ်လို့ အကြောင်းပြပြီး အများပြည်သူအားလုံး ဒါမှမဟုတ် တချို့ကို ဖယ်ရှားပေးဖို့ တရားလိုဘက်က လျှောက်ထားရင် အဲဒီလျှောက်ထားချက်အတိုင်း တရားရုံးက အမိန့်ချနိုင်တယ်လို့လည်း ပြဋ္ဌာန်းထားပါသေးတယ်။