Home
မြန်မာသတင်း
ဒီဇင်ဘာလတွင် ရွေးကောက်ပွဲကျင်းပမည်ဟု ကြေညာ 
DVB
·
July 31, 2025

မြန်မာနိုင်ငံမှာ လာမယ့် ၆ လအတွင်း ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်သွားမှာဖြစ်ပြီး ဒီဇင်ဘာလထဲမှာ ရွေးကောက်ပွဲကျင်းပမယ်လို့  စစ်ခေါင်းဆောင်က ကြေညာလိုက်ပါတယ်။

ဇူလိုင် ၃၁ ရက်က ကျင်းပတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်း အဝေးမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလိုက်တာဖြစ်ပါတယ်။

မြို့နယ်ပေါင်း ၂၆၇ မြို့နယ်မှာ ရွေးကောက်ပွဲကျင်းပဖို့ လျာထားပြီး  အရင်က ကျင့်သုံးခဲ့တဲ့ မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP)နဲ့ အချိုးကျ ကိုယ်စားပြုစနစ် (PR) နှစ်မျိုးလုံး အသုံးပြု ဆောင်ရွက်သွားမယ်လို့  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၅ ခုနှစ် ဇွန် ၇ ရက် မှာ ကြေညာခဲ့ပါတယ်။ 

ဒီအတွက် နိုင်ငံသားစိစစ်ရေးကတ် မရှိသေးတဲ့ လူဦးရေ ခန့်မှန်းခြေ ၆ ဒသမ ၂ သန်းကို စိစစ်ရေးကတ် ထုတ်ပေးဖို့ ဆောင်ရွက်နေတယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

အခြေခံဥပဒေ ပုဒ်မ ၄၂၇(က) အရ ကာလုံကနေ အာဏာသုံးရပ်လုံးကို အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ကျင့်သုံးသွားမှာဖြစ်ပါတယ်။ ပုဒ်မ ၄၂၇ (က) အရ နိုင်ငံတော်သမ္မတ (၁) ရွေးချယ်တင်မြှောက်ပြီးတဲ့ချိန်ထိ ပြည်ထောင်စုအဆင့် အာဏာပိုင်အဖွဲ့အစည်းတွေ ဆောင်ရွက်ပြီးသည်အထိ ဥပဒေပြုရေးအာဏာကို ကာလုံက ကိုယ်တိုင် ဆောင်ရွက်မှာဖြစ်တယ်လို့ တပ်မတော်သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

အထွေထွေရွေးကောက်ပွဲကို အခုနှစ် ဒီဇင်ဘာလနဲ့ လာမယ့်နှစ် ဇန်နဝါရီလမှာ ကျင်းပမယ်လို့ စစ်ခေါင်းဆောင်က အရင်ကလည်းပြောဆိုခဲ့ဖူးပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့  စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲအပါအဝင် လုပ်ဆောင်ချက်အားလုံးဟာ တရားမဝင်းဘူးလို့ ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013