
မြန်မာနိုင်ငံမှာ သတင်းအချက်အလက် စီးဆင်းတာများတဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်လို လူသုံးများတဲ့ ဒီဂျစ်တယ်ပလက်ဖောင်းတွေကို ပြည်တွင်းမှာ ထိန်းချုပ်နိုင်၊ ပိတ်သိမ်းလိုက်နိုင်တဲ့ ဆိုက်ဘာဥပဒေကို ဇူလိုင် ၃၀ ရက်ကစပြီး ကျင့်သုံးဖို့ စစ်ခေါင်းဆောင်က လက်မှတ်ထိုး ထုတ်ပြန်ပါတယ်။
အဲဒီ ဆိုက်ဘာလုံခြုံရေးဥပဒေကို ဒီနှစ် ဇန်နဝါရီ ၁ ရက်ကတည်းက ပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ်။ အဲဒီဥပဒေအရ ဖေ့စ်ဘွတ်ခ်၊ ယူကျုနဲ့ တစ်တော့ခ်တို့လို ဒီဂျစ်တယ်ပလက်ဖောင်းတွေဟာ စစ်ကောင်စီဆီမှာ မှတ်ပုံတင်ဖို့လိုအပ်သလို သူတို့ရဲ့ ထိန်းချုပ်မှုကို လိုက်နာဖို့လည်း လိုအပ်တာပါ။
အဲဒီဥပဒေ ပုဒ်မ ၃၁ နဲ့ ၃၂ အရ စစ်ကောင်စီရဲ့ဦးစီးဌာနက အကြောင်းကြားရင် သတင်းအချက်အလက်တွေကို တားဆီးဖယ်ရှားတာ၊ ရပ်ဆိုင်းတာတွေ လုပ်ရမယ်လို့ ပါရှိပါတယ်။
ဒါ့အပြင် ပုဒ်မ ၄၃ အရ စစ်ကောင်စီရဲ့ အရ ဝန်ကြီးဌာနက ဒီဂျစ်တယ် ပလက်ဖောင်း တခုခုက သတင်းအချက်အလက်တွေကို ယာယီပိတ်ပင်တာ၊ အဲဒီပလက်ဖောင်းပိုင် ပစ္စည်းတွေကို ယာယီထိန်းချုပ်တာနဲ့ အဲဒီ ဒီဂျစ်တယ် ပလက်ဖောင်းကို နိုင်ငံတွင်းမှာ မသုံးဖို့ ပိတ်သိမ်းနိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။
ဒါပေမဲ့ အဲဒီဥပဒေကို ဘယ်ဝန်ကြီးဌာနက ဘယ်လို စတင် အကောင်အထည်ဖော်မယ်ဆိုတာတော့ ဥပဒေမှာ မပါရှိပါဘူး။