Home
မြန်မာသတင်း
အသက် ၆ နှစ် အရွယ်ကလေးငယ်ကို လူသတ်တရားခံအဖြစ် စစ်ကောင်စီစွပ်စွဲချက် ဥပဒေနှင့် မညီ
DVB
·
June 9, 2025

အငြိမ်းစားသံအမတ် ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင် အသတ်ခံရမှုမှာ အသက် ၆ နှစ်အရွယ် ကလေးငယ်ကို တရားခံဆိုပြီး စစ်ကောင်စီက ဖော်ပြတာဟာ ဥပဒေကိုဖောက်ဖျက်ပြီး လူထုကို အကြောက်တရားသွင်းတာ ဖြစ်တယ်လို့ အန်အယ်လ်ဒီ အစိုးရလက်ထက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အဆင်မြင့်အရာရှိကြီးတယောက်က ပြောပါတယ်။

မေ ၂၂ ရက်က ရန်ကုန်မှာ ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင်ကို မြို့ပြပြောက်ကျားအဖွဲ့တခုက ပစ်ခတ်ခဲ့တဲ့နောက် အဲဒီအဖွဲ့ကို ဖမ်းဆီးတယ်ဆိုပြီး တွေ့ရာကြုံရာလူတွေကို စစ်ကောင်စီက ဖမ်းဆီးစွပ်စွဲ ဖော်ပြတာမှာ အသက် ၆ နှစ်အရွယ် မိန်းကလေးငယ်ကိုလည်း ပုံနဲ့ နာမည်နဲ့တကွ ဖော်ပြခဲ့တာပါ။

အရပ်သားအစိုးရလက်ထက် ၂၀၁၉ ခုနှစ်တုန်းက ပြဋ္ဌာန်းခဲ့တဲ့ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအရ ပြစ်မှုကျူးလွန်တယ်လို့ စွပ်စွဲခံရတဲ့ ကလေးသူငယ်ဟာ ဘယ်သူဘယ်ဝါဖြစ်ကြောင်းနဲ့ မှုခင်းသတင်းအချက်အလက်တွေ ရယူတာ၊ ထည့်သွင်းကြော်ငြာတာ၊ ကလေးသူငယ်ကို ဓာတ်ပုံရိုက်တာ၊ သတင်းစာ၊ မဂ္ဂဇင်း၊ ဂျာနယ်နဲ့ စာအုပ်စာတမ်းတွေမှာ ထည့်သွင်းတာ၊ ဖြန့်ချိတာ၊ ရေဒီယို၊ ရုပ်မြင်သံကြားနဲ့ လူမှုဆက်သွယ်ရေး နည်းလမ်းတွေမှာ ထုတ်လွှင့်တာ မလုပ်ရဘူးလို့ သတ်မှတ်ထားပါတယ်။

လူမှုဝန်ထမ်းဌာန အရာရှိကြီးက “သူတို့တွေဟာ ဥပဒေက သပ်သပ်၊ သူတို့လုပ်ချင်ရာလုပ်တာက သပ်သပ်၊ မဆိုင်ဘူးဆိုတာကို ထပ်ပြလိုက်တာပါပဲ။ ဥပဒေကို သူတို့ လိုက်နာစရာမလိုဘူး၊ သူတို့သည် ဥပဒေရဲ့အထက်က ဆိုပြီးလုပ်တာ။ ဥပဒေအရ အသက် ၁၈ နှစ် မပြည့်သေးရင် ကလေးပဲ။ အခုဖြစ်စဉ်က ကလေးက ၆ နှစ်သမီးဆိုတော့ တကယ့် ပီဘိကလေးဆိုတာ ထင်ရှားပြီးသား။ အဲဒီတော့ အသက် ၆ နှစ်အရွယ် ကလေးတယောက်ကို အမည်၊ အသက်၊ ဓာတ်ပုံနဲ့တကွ သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြားနဲ့ အင်တာနက်စာမျက်နှာတွေမှာ အကျယ်တဝင့် ဖော်ပြခဲ့တဲ့ကိစ္စမှာ ဘယ်သူ့မှာ တာဝန်ရှိတာလဲ၊ ဘယ်သူက တာဝန်ခံမှာလဲ၊ ဘယ်သူ့ကို အရေးယူ အပြစ်ပေးမှာလဲ။ အာဏာကို အလွဲသုံးစားလုပ်ပြီး ဥပဒေအထက်မှာပဲ နေချင်တဲ့ကောင်တွေကို ကန်မချနိုင်သရွေ့ ဒီလိုမျိုးတွေကို ကျနော်တို့ ခင်ဗျားတို့ ကြုံနေရဦးမှာပဲ” လို့ ပြောပါတယ်။

အဲဒီ ဥပဒေပါပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်ရင် ကျူးလွန်သူကို ထောင်ဒဏ် ၄ လကနေ ၁ နှစ်အထိ၊ ငွေဒဏ် ၄ သိန်းကနေ ၆ သိန်းအထိ၊ ဒါမှမဟုတ် ၂ မျိုးလုံးလည်း ချလို့ရတယ်လို့ ပြဋ္ဌာန်းထားပါတယ်။

လူသတ်မှုတခုမှာ အသက် ၆ နှစ်အရွယ် မိန်းကလေးငယ်တယောက်ဟာ ဘယ်လိုနည်းမျိုးနဲ့မှ မပါဝင် မကျူးလွန်နိုင်ဘဲ စစ်ကောင်စီရဲ့ အခုလုပ်ရပ်က လူထုထဲကို အကြောက်တရား သွင်းချင်တာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

လူမှုဝန်ထမ်းဌာန အရာရှိကြီးက “လူထုကြားထဲကို အကြောက်တရား ပြန့်ပွားစေချင်တာပါ။ သူတို့ရဲ့ စစ်တပ်ကိုလည်း ဒီအကြောက်တရားနဲ့ပဲ စည်းနှောင်ထားတာပါ။ သူတို့အဖွဲ့အစည်းထဲမှာ ဒီအကြောက်တရားနဲ့ ဖိနှိပ်အုပ်ချုပ်တာက အလုပ်ဖြစ်နေဆဲပါ။ သို့သော် သူတို့ရဲ့ လက်ကိုင်တုတ်နည်းလမ်း ဒီအကြောက်တရားက လူထုကြားမှာ အလုပ်မဖြစ်တော့ပါဘူး။ လူထုက ကြောက်ရွံ့ခြင်းကနေ လွတ်မြောက်ခဲ့ပါပြီ” လို့ ပြောပါတယ်။

ဒီလုပ်ရပ်နဲ့ ပဒေသရာဇ်စရိုက်ကို စစ်ကောင်စီက ထုတ်ပြလာတာဖြစ်ပြီး ဓားပြဂိုဏ်းတွေလို ပြန်ပေးဆွဲတာမျိုးလည်း လုပ်တယ်လို့ ဆိုပါတယ်။

လူမှုဝန်ထမ်းဌာန အရာရှိကြီးက “ကျူးလွန်သူလို့ သူတို့စွပ်စွဲထားတဲ့ နောက်တဦးကို ဖမ်းလို့မမိတဲ့အတွက် ဇနီးဖြစ်သူကို ဖမ်းထားတာပါ။ ဒါဟာ ပြန်ပေး ဓားပြဂိုဏ်းတွေ လုပ်လေ့ရှိတဲ့ ဓားစာခံအဖြစ် ဖမ်းဆီးထားခြင်းပဲ ‌ဖြစ်ပါတယ်။ ဥပဒေမဲ့လုပ်ရပ်ပါ၊ ကိုယ့်ကိုယ်ကိုယ် အစိုးရလို့ ကြွေးကြော်ထားပေမဲ့ ဥပဒေမဲ့လုပ်ရပ်ကို လုပ်ကြောင်း သူတို့ကိုယ်တိုင် ပြောင်ပြောင်တင်းတင်း ဖော်ပြလာတာပါ။ ကျူးလွန်သူလို့ သတ်မှတ်သူကိုသာ ဖမ်းဆီးနိုင်ဖို့ ကြိုးစားရမှာဖြစ်ပြီး သူ့ဆွေမျိုးသားချင်းဖြစ်နေလို့ ဆိုတာနဲ့ ဖမ်းဆီးလို့မရပါဘူး” လို့ ပြောပါတယ်။

ပြစ်မှုကျူးလွန်တယ်လို့ စွပ်စွဲခံရတဲ့ ကလေးကိုတောင် အမှုစုံစမ်းဆဲကာလမှာ တရားသူကြီးက ခံဝန်နဲ့လွှတ်ထားဖို့၊ မိဘ၊ အုပ်ထိန်းသူဆီမှာ စည်းကမ်းချက်နဲ့ အပ်နှံထားဖို့၊ တခြား သင့်တော်တဲ့ နေရာမှာ စည်းကမ်းချက်နဲ့ အပ်နှံထားဖို့ ကလေးသူငယ်နည်းဥပဒေမှာ ဖော်ပြထားပြီး ဘယ်နည်းနဲ့မှ ချုပ်မိန့်မပေးရဘူးလို့ ဖော်ပြထားပါတယ်။

သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းဟာ ကလေးသူငယ်ရဲ့ တရားဝင်ခံစားခွင့်ရှိတဲ့ အခွင့်အရေးတွေ မထိခိုက် မဆုံးရှုံးစေဖို့ ကာကွယ်စောင့်ရှောက်ရမှာဖြစ်သလို ဆုံးရှုံးနစ်နာတာကို တွေ့ရင်လည်း အပြည့်အဝ ပြန်ရစေဖို့ ဆောင်ရွက်ပေးရမယ်လို့ နည်းဥပဒေက ဆိုထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013