
ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ်စပ်၊ ဖယ်ခုံအရှေ့ဘက်ကမ်းကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်သလို စစ်ကြောင်းလည်းထိုးနေလို့ ပြည်သူတွေကို ကယ်ထုတ်ပေးခဲ့ပေမယ့် ဇူလိုင် ၁၁ ရက်နေ့မှာတော့ ကယ်ထုတ်လို့မရတော့ဘဲ ပြည်သူတွေပိတ်မိနေတယ်လို့ စစ်ရှောင်အရေး ကူညီပေးသူတွေက ပြောပါတယ်။
ဖယ်ခုံအရှေ့ဘက်ကမ်းက ပြည်သူတွေကိုကူညီကယ်ထုတ်ချိန်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေရှိနေပေမယ့် ကယ်ထုတ်တဲ့လမ်းကြောင်းကို စစ်ကောင်စီက ထိန်းချုပ်လိုက်တာကြောင့် ခုလက်ရှိမှာတော့ ကယ်ထုတ်လို့ မရတော့ဘူးလို့ သိရပါတယ်။
ကူညီကယ်ထုတ်ပေးသူတယောက်က “ကျနော်တို့ သူတို့ကို တောက်လျှောက်ကယ်ထုတ်တယ်။ ကယ်ထုတ်လို့ရတာလည်း အများကြီးရှိတာပေါ့။ ခုလောလာဆယ်တော့ ၄၀၀ ကျော်ကျော်လောက် ပိတ်မိနေသေးတယ်။ လမ်းမကြီးကို ခွာလိုက်ရတာပေါ့” လို့ ပြောပါတယ်။
မိုးဗြဲ- လွိုင်ကော်လမ်းမကြီးကို စစ်ကောင်စီတပ်က စိုးမိုးနိုင်ဖို့အတွက် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာကြောင့် တော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်နေတာပါ။
ကူညီပေးနေသူတယောက်က “စစ်ရှောင်တွေက ဆောင်နန်းခဲဘက်သွားလို့လည်းမရဘူး၊ PNO တွေရှိတယ်။ တဘက်မှာက တောင်ကြော၊ နောက်တဘက်က ရေကာတာပေါ့။ အဲဒီတော့ သူတို့က ကြားမှာ ညပ်နေတာပေါ့” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ မိုးဗြဲကို ဇူလိုင် ၂ ရက်နေ့က ထိန်းချုပ်နိုင်ပြီးတဲ့နောက် မိုးဗြဲ - လွိုင်ကော် လမ်းမကြီးကိုစိုးမိုးနိုင်ဖို့ စစ်ကြောင်းထိုးလို့ တိုက်ပွဲဖြစ်နေပြီး လမ်းမပေါ် ဆောင်ကန်းကျေးရွာနားအထိ စစ်ကောင်စီ စိုးမိုးထားတယ်လို့ သိရပါတယ်။