Home
မြန်မာသတင်း
ပဲခူးမြစ်ရေတက်နိုင်ဟု သတိပေး၊ အနိမ့်ပိုင်းရပ်ကွက်နေ ပြည်သူများ စိုးရိမ်
DVB
·
June 30, 2025

မြစ်ရေတက်လာနိုင်တဲ့ သတိပေးချက်တွေကြောင့်  ပဲခူးမြို့  အနိမ့်ပိုင်းရပ်ကွက်မှာ နေထိုင်သူတွေအနေနဲ့ သတိထားစောင့်ကြည့် ပြင်ဆင်နေကြရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ပဲခူးမြစ်ရေမှာ ဇွန် ၃၀ ရက် ညနေအထိ စိုးရိမ်ရေမှတ်အောက် ၂ ပေခွဲ ရှိနေပေမဲ့ လာမယ့် ၃၆ နာရီအတွင်း စိုးရိမ်ရေမှတ်ရောက်နိုင်တယ်လို့ စစ်ကောင်စီ မိုးဇလက သတိပေးထားတာကြောင့် ရေနစ်မြုပ်လေ့ရှိတဲ့ အနိမ့်ပိုင်းမှာ နေသူတွေ စိုးရိမ်မကင်းဖြစ်နေရတယ်လို့ ဆိုပါတယ်။

ကလျာဏီရပ်ကွက်မှာ နေသူတယောက်က “အခုတောင် တချို့အနိမ့်ပိုင်းတွေမှာ ရေစဝင်နေပြီလို့ ပြောတယ်။ ညအချိန်မတော်ကြီး ရေတက်လာမှာစိုးလို့ သတိနဲ့ နားစွင့်နေနေရတယ်။ တချို့ကတော့ ရေမဝင်အောင် သဲအိတ်ကာတာတွေ လုပ်နေတာရှိတယ်” လို့ ပြောပါတယ်။

ပဲခူးမြို့မှာ မိုးများပြီး မြစ်ရေတက်တာကြောင့် ၂ နှစ်ဆက်တိုက် တကြော့ပြန် ရေဘေးကြုံခဲ့ရသလို ဒီနှစ်မှာလည်း ထပ်မံ ရေဘေးသင့်မှာကို ဒေသခံတွေ စိုးရိမ်နေကြတာလို့ မြို့သစ်(င)ရပ်ကွက်မှာ နေထိုင်သူတယောက်က ပြောပါတယ်။

အခုလို မြစ်ရေတက်လာမဲ့အခြေအနေကြောင့် မြစ်ရေအခြေအနေစောင့်ကြည့်ကာ အချင်းချင်း သတိပေးလှုံ့ဆော်နေတာတွေ ရှိတယ်လို့လည်း မြို့ခံတွေက ဆိုပါတယ်။

စစ်ကောင်စီ မိုးဇလရဲ့ မနက်ဖြန်မနက်အထိ မိုးလေဝသခန့်မှန်းချက်ထဲ ပဲခူးတိုင်းမှာ နေရာကွက် မိုးကြီးနိုင်မယ်လို့ ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013