
စစ်ကိုင်းငလျင်အပြီး အပစ်ရပ်ထားတဲ့စစ်တပ်က လေကြောင်းတိုက်ခိုက်တာနဲ့ လက်နက်ကြီး ပစ်ခတ်တာတွေကြောင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်နယ်မြေထဲက ပြည်သူ ၈ ဦးသေဆုံး၊ ၁၈ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
အထက်ပါစာရင်းထဲက လေကြောင်း ၁၂ ကြိမ်၊ လက်နက်ကြီး၊ ဒရုန်းဗုံးနဲ့ အဆိပ်ငွေ့ဗုံးကြဲချတိုက်ခိုက်မှု အားလုံးဟာ နောင်ချိုမြို့နယ်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး အရပ်သား ၆ ဦးသေဆုံးကာ ၁၄ ဦးအထိ ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် နောင်ချိုမြို့နယ်မှာ နေအိမ် ၈ လုံး၊ ကျောက်မဲမြို့နယ်မှာ နေအိမ် ၁၈ လုံးနဲ့ မန်တုံမြို့နယ်မှာ နေအိမ် ၂၇ လုံး စုစုပေါင်း နေအိမ် ၅၃ လုံးပျက်စီးခဲ့ရကာ အဲဒီထဲမှာ ကျေးရွာဘုန်းကြီးကျောင်းတခုလည်း ပါဝင်တယ်လို့ သိရပါတယ်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ စစ်ကောင်စီတို့ အခု ဇွန်လ ကုန်အထိ နှစ်ဖက်အပစ်ရပ်ထားပေမဲ့ စစ်တပ်က နောင်ချိုမြို့ဘက်ကို စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
ဓာတ်ပုံ - ပုံဟောင်း (TNLA)