
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ နဂါးတွင်းရွာကို စစ်တပ်က စက်တင်ဘာ ၁၇ ရက် ညနေ ၅ နာရီခွဲက လက်နက်ကြီးနဲ့ပစ်လို့ ပြည်သူ ၈ ယောက် ဒဏ်ရာရပြီး တယောက် သေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲဒီပစ်ခတ်မှုကို မုံရွာမြို့ တောင်အထွက် မအူစစ် ဆေးရေးဂိတ်ကနေ ပစ်ခတ်ခဲ့တာလို့လည်းသိရပါတယ်။
နဂါးတွင်းကျေးရွာ ဒေသခံတယောက်က “ပစ်တာက ၂ လုံး ပစ်တာ။ တလုံးက အုတ်ကျင်းအနီး တလုံး ကျတယ်။ ဘုန်းတော်ကြီးကျောင်းနား တလုံး ကျတယ်။ အုတ်ကျင်းအနီးကျတာက တောကနေ ပြန်လာတဲ့ ပြည်သူတွေ ထိတာ။ ထိတဲ့အထဲမှာ ၈ နှစ်အရွယ် ကလေးတယောက် အပါအဝင် ပြည်သူ ၈ ယောက် ဒဏ်ရာရပြီး ၁ ယောက် သေဆုံးခဲ့တယ်ဗျ။ သေဆုံးတာက အမျိုးသမီး ၁ ယောက်ပါ။ ကျန်တဲ့ဒဏ်ရာရသူ ၈ ယောက်ထဲမှာလည်း ဒဏ်ရာပြင်းထန်ရတဲ့သူ ပါသေးတယ်ဗျ”လို့ ပြောပါတယ်။
နဂါးတွင်းရွာကို ပစ်ခတ်တဲ့ လက်နက်ကြီး ၂ လုံးဟာ ၁၂၀-မမ အမျိုးအစား ဖြစ်တယ်လို့လည်း သိရပါတယ်။
ဒေသခံပြည်သူကာကွယ်ရေး ခေါင်းဆောင် ကိုပြုံးငယ်က “မအူဂိတ်က စစ်ကောင်စီတွေက ကျနော်တို့ နဂါးတွင်းရွာဘက်ကို အရင်ရက်တွေက စစ်ကြောင်းထိုးဖို့ ပြင်ဆင်ထားတဲ့ ပုံစံဗျ။ မုံရွေး (--) ဂိတ်ကို ကျနော်တို့ဘက်က သိမ်းလိုက်လို့ စစ်ကြောင်းမထိုးဘဲ ငြိမ်နေတာလို့ ယူဆရပါတယ်။ လက်နက်ကြီးတွေကတော့ နေ့တိုင်းလိုလို ရမ်းသန်းပစ်တာတွေ လုပ်နေတာဘဲ။ အဓိကတော့ ကျနော်တို့ရှိတဲ့ စခန်းဘက်ကို ပစ်တာမဟုတ်ဘဲ ပြည်သူ နေတဲ့ ကျေးရွာတွေဆီကို ပစ်တာ။ မနေ့က ဒဏ်ရာရသူတွေကိုတော့ ဆေးကုသဖို့ ဆေးရုံကို ပို့ပေးထားပါတယ်”လို့ ပြောပါတယ်။
နဂါးတွင်းရွာဟာ မုံရွာ-အမြင့်သွား ကားလမ်းမပေါ်မှာ တည်ရှိတဲ့ ကျေးရွာတရွာ ဖြစ်တယ်လို့လည်း သိရပါတယ်။