
၂၀၁၆ ငြိမ်းချမ်းရေးသဘောတူညီချက်အရ ဖွဲ့စည်းထားတဲ့ ကိုလံဘီယာတရားရုံးဟာ လူ ၁၃၅ ယောက်ကို တရားလက်လွတ်ကွပ်မျက်မှုမှာ ပါဝင်ခဲ့တဲ့ စစ်သားဟောင်း ၁၂ ယောက်ကို သူတို့ပါဝင်ခဲ့တဲ့ ရာထူးတာဝန်အလိုက် ပြုပြင်ရေးပြစ်ဒဏ် ၈ နှစ် စက်တင်ဘာ ၁၈ ရက်မှာ ချမှတ်လိုက်ပါတယ်။
အဲဒီ ၁၂ ယောက်ထဲမှာ အငြိမ်းစားဗိုလ်မှူးတွေနဲ့ ဒုဗိုလ်တွေအပြင် အောက်ခြေအဆင့် စစ်သည်တွေ ပါဝင်ပါတယ်။
ကြာသပတေးနေ့မှာ စီရင်ချက်ချခံရသူတွေဟာ ၂၀၀၂ ခုနှစ် ဇန်နဝါရီမှ ၂၀၀၅ ခုနှစ် ဇူလိုင်အတွင်း ကိုလံဘီယာနိုင်ငံမြောက်ပိုင်း ကရစ်ဘီယံကမ်းခြေမှာ လှုပ်ရှားခဲ့ကြတဲ့ လာပိုပါ တပ်ရင်းက အဖွဲ့ဝင်တွေဖြစ်ပြီး သူတို့ဟာ လူပေါင်း ၁၃၅ ယောက်ကို မှားယွင်းသတ်ဖြတ်တာနဲ့ လူပျောက်ဆုံးရမှုတွေကို ကျူးလွန်ခဲ့ကြောင်း တရားရုံးက ပြောပါတယ်။
ရာထူးတိုးခြင်းနဲ့ အားလပ်ရက်လို ခံစားခွင့်တွေရလိုတဲ့ စစ်သားတွေက အရပ်သားတွေကို အလုပ်အကိုင်တွေ ပေးမယ်ဆိုပြီး ကတိတွေနဲ့ သွေးဆောင်ခေါ်ယူကာ သတ်ပစ်ခဲ့ပြီးတော့ အစီရင်ခံစာတွေမှာတော့ တိုက်ပွဲအတွင်း သူပုန်တွေ ကျဆုံးခဲ့တယ်လို့ ရေးခဲ့ကြောင်း တရားရုံးက ပြောကြားခဲ့ပါတယ်။
သေဆုံးသူတွေထဲက တချို့မှာ ဉာဏ်ရည် မသန်စွမ်းသူတွေဖြစ်ကြောင်းလည်း ဆိုပါတယ်။
တချို့လူတွေကိုတော့ သာမန်တရားရုံးမှာ လူသတ်မှုလို့ ပြစ်ဒဏ်သတ်မှတ်ပြီးနောက် လူသတ်မှု အတွက် ထောင်ဒဏ် ၅ နှစ်သာ ချခဲ့တယ်လို့ တရားသူကြီး အယ်နာမာနူယယ်လာအိုချွာ က သူ့ရဲ့ စီရင်ချက်အကျဉ်းချုပ်ထဲမှာ ပြောထားပါတယ်။
ဒီပြစ်ဒဏ်တွေဟာ ငြိမ်းချမ်းရေးအတွက် အထူးတရားစီရင်ပိုင်ခွင့်ယန္တရား ဒါမှမဟုတ် JEP အဖွဲ့အစည်းက စစ်တပ်အဖွဲ့ဝင်ဟောင်းတွေကို ပထမဆုံး စီရင်ချက်ချခဲ့တာဖြစ်ပြီး JEP အဖွဲ့အစည်းဟာ ကိုလံဘီယာတော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့ ဒါမှမဟုတ် FARC အဖွဲ့၊ သူပုန်တွေနဲ့ စစ်တပ်တို့မှ ခေါင်းဆောင်တွေကို လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေ အတွက် ပြစ်ဒဏ်စီရင်နိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။
၂၀၀၂ ခုနှစ် မှ ၂၀၀၈ ခုနှစ်အတွင်း တနိုင်ငံလုံးအတိုင်းအတာနဲ့ မှားယွင်းသတ်ဖြတ်ခံရသူ ပေါင်း အနည်းဆုံး ၆,၄၀၂ ယောက် သေဆုံးခဲ့ကြောင်း JEP ပြောကြားခဲ့ပေမဲ့ ဒုက္ခသည်အဖွဲ့တွေကတော့ အရေအတွက်က ဒီ့ထက်ပိုများတယ်လို့ ပြောဆိုကြပါတယ်။
Source:Reuters