
ကိုလံဘီယာသမ္မတ ဂတ်စ်တာဗို ပေထရိုရဲ့ အစိုးရဟာ ကိုကာစိုက်ပျိုးရေးနဲ့ ကိုကင်းထုတ်လုပ်မှုကို တားမြစ်ဖို့ ပျက်ကွက်တယ်လို့ စွပ်စွဲပြီး ကိုလံဘီယာရဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေး မဟာဗျူဟာအပေါ် အသိအမှတ်ပြုမှုကို အမေရိကန်က တရားဝင် ရပ်ဆိုင်းလိုက်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က စက်တင်ဘာ ၁၆ ရက်မှာ ကြေညာခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ နိုင်ငံတကာမူးယစ်ဆေးဝါး ထိန်းချုပ်ရေး တာဝန်ဝတ္တရားတွေကို ဖြည့်ဆည်းပေးဖို့ ပျက်ကွက်တဲ့ နိုင်ငံတနိုင်ငံအဖြစ် ကိုလံဘီယာကို သတ်မှတ်လိုက်တာဖြစ်လို့ သန်းရာနဲ့ချီတဲ့ အမေရိကန်ရဲ့ အကူအညီတွေနဲ့ပတ်သက်လို့ အကျိုးသက်ရောက်မှုတွေ ရှိနိုင်ပါတယ်။
ဒီကြေညာချက်ကြောင့် ကိုလံဘီယာ အစိုးရအဖွဲ့အတွင်း နိုင်ငံရေးတုံ့ပြန်မှုတွေ ပြင်းထန်ခဲ့ပါတယ်။
အတိုက်အခံလွှတ်တော်အမတ် အန်ဒရေ ဖှိုရေရိုကတော့ ပေထရိုဟာ ဗင်နီဇွဲလားနဲ့ နီးနီးကပ်ကပ်ရှိပြီး လက်နက်ကိုင်အဖွဲ့တွေအပေါ် သက်ညှာမှုရှိတယ်လို့ အပြစ်တင်ခဲ့ပါတယ်။
အမေရိကန်နဲ့ ကိုလံဘီယာအစိုးရတွေရဲ့ ဗျူဟာမြောက်မဟာမိတ်ဖြစ်မှုကို ကာကွယ်ဖို့ နည်းလမ်းပြောင်းဖို့ကိုလည်း အစိုးရကို တိုက်တွန်းခဲ့ပါတယ်။
ပြည်ထဲရေးဝန်ကြီး အာမန်ဒိုဘဲနဲဒတ်တီက ဒီဆုံးဖြတ်ချက်ကို နိုင်ငံရေးသက်သက်အဖြစ် ပယ်ချခဲ့ပြီး အခုနှစ်မှာ ကိုကင်းတန်ချိန် ၇၀၀ ကျော် သိမ်းဆည်းရမိမှု အပါအဝင် အားကောင်းတဲ့ ရလဒ်တွေကို ညွှန်ပြခဲ့ပါတယ်။
ပေထရိုရဲ့ ဆန္ဒအလျောက် ကိုကင်းအစားထိုး သီးနှံစိုက်ပျိုးရေး ဦးစားပေး မဟာဗျူဟာထက် အတင်းအဓမ္မ ချေမှုန်းရေးကို ဦးစားပေးတဲ့ အမေရိကန်ရဲ့ တိုင်းတာ သတ်မှတ်ချက်တွေကို ဝေဖန်ခဲ့ပါတယ်။
ငြိမ်းချမ်းရေး သဘောတူညီချက်တွေနဲ့ ကျေးလက်ဖွံ့ဖြိုးရေး ကတိတွေနဲ့ အာဏာရလာခဲ့တဲ့ ပေထရို အစိုးရအပေါ် အမေရိကန်ရဲ့ အသိအမှတ်ပြုမှု ပယ်ဖျက်တဲ့ လုပ်ရပ်က ဖိအားတိုးစေခဲ့တာပါ။ ကိုကာ ထုတ်လုပ်မှု စံချိန်တင် မြင့်မားလာလို့ ပေထရိုရဲ့ မူဝါဒတွေက ရလဒ်တွေ ထွက်မလာသေးဘူးလို့ ဝေဖန်သူတွေက ပြောဆိုကြပါတယ်။
Source: Reuters