
တနင်္သာရီမြို့နယ်မှာ ရိက္ခာတင်ဆောင်လာတဲ့ စစ်ကား ၂ စီးကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှု အနည်းငယ် ဖြစ်ပွားခဲ့တယ်လို့ ဗိုလ်ခရင်းတပ်ဖွဲ့ရဲ့ တာဝန်ခံက ပြောပါတယ်။
စက်တင်ဘာ ၂၄ ရက် ညနေ ၄ နာရီခွဲလောက်က မြိတ်မြို့ကနေ စစ်ကောင်စီအင်အား ၁၀ ယောက်ကျော် ဝန်းကျင်နဲ့ ရိက္ခာတင်ဆောင်ပြီး ထွက်ခွာလာတဲ့ စစ်ကား ၂ စီးကို ရမ်းဖိုကျေးရွာ တံတားကြီးထိပ်မှာ မိုင်း ၂ လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီးနောက် လက်နက်ငယ်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်ခရင်းတပ်ဖွဲ့ရဲ့ တာဝန်ခံက ပြောပါတယ်။
“ဒီကား ၂ စီးက သိန်ခွန်းဘက်ကိုတက်တဲ့ ရိက္ခာကားတွေပဲ။ တိုက်ပွဲမဖြစ်ခင် ရက်တွေတည်းက ရိက္ခာတွေ တင်ဆောင်နေတာပါ။ အခုတလောမှာလည်း စစ်တပ်ဘက်က လှုပ်ရှားမှုတွေ အများကြီး ရှိနေတယ်။ အခုတိုက်ခိုက်မှုမှာ ရိက္ခာကားတွေမှာတော့ ထိခိုက်မှုရှိတယ်။ ထိခိုက်မှုတော့ မသိရသေးဘူး။”
၁၀ မိနစ်ကြာ အပြန်အလှန်ပစ်ခတ်မှုမှာ တော်လှန်ရေးတပ်ဖွဲ့ဘက်က ထိခိုက်မှုမရှိဘဲ စစ်ကောင်စီဘက်က ထိခိုက်မှုကိုလည်း အတိအကျ မသိရသေးပါဘူး။
အဆိုပါတိုက်ခိုက်မှုတွေကို ဗိုလ်ခရင်းတပ်ဖွဲ့၊ မြိတ်ခရိုင်ပကဖအဖွဲ့၊ တနင်္သာရီရိုးမဇုန် ၃ အဖွဲ့နဲ့ မြိတ်ပကဖအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် တနင်္သာရီ-မောတောင် ကားလမ်းပိုင်းက သိန်ခွန်းကျေးရွာအုပ်စုမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ကြား စစ်ရေးအခြေအနေ တင်းမာနေပြီး နယ်မြေစိုးမိုးနိုင်ဖို့ စစ်တပ်ဘက်က ရိက္ခာနဲ့ အင်အားတွေ ဖြည့်တင်းနေပါတယ်။