
တနင်္သာရီတိုင်း၊ မြိတ်မြို့မရဲစခန်းမှ နယ်ထိန်းအဖွဲ့ဝင် ဒုရဲအုပ်ဖြစ်ဖူးသူ မောင်ကိုကို ဘုတ်ပြင်းမြို့နယ်မှာ တံတားပေါ်ကပြုတ်ကျပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စက်တင်ဘာ ၂၅ ရက်က မောင်ကိုကိုဟာ ဘုတ်ပြင်းမြို့မှ မြိတ်မြို့ကိုလာရာ လမ်းပိုင်းရှိ တံတားတခုပေါ်ကနေ ဖုန်းပြောရင်း ပြုတ်ကျသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြို့ခံတယောက်က “မောင်ကိုကိုက အရင်က ဒုရဲအုပ်ပါ။ ဘုတ်ပြင်းပြောင်းသွားပြီးနောက် လက်ရှိ ဘာရာထူးလဲဆိုတာ မသိဘူး။ ဘုတ်ပြင်းထဲက တံတားဟောင်းတခုမှာ ပြုတ်ကျပြီး သေဆုံးတာပါ” လို့ ပြောပါတယ်။
မောင်ကိုကို မြိတ်မြို့မရဲစခန်းမှာ တာဝန်ကျချိန်က ပြည်သူတွေအပေါ် အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးငွေညှစ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။
မြို့ခံနောက်တယောက်က “သူက ဆိုးတယ်။ မြို့ခံတော်တော်များများက မကြိုက်ကြဘူး။ မြို့ထဲမှာလည်း သူဒုက္ခလိုက်ပေးထားတဲ့သူတွေ အများကြီးပဲ။ သေသွားရင်လည်း နားအေးတာပေါ့” လို့ DVB ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ဇူလိုင် ၆ ရက်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမင်းဇော်တင့်ရဲ့ အစ်ကိုဖြစ်သူ ဦးတင်သန်းဦးကို မောင်ကိုကို ဦးဆောင်တဲ့ မြို့မရဲစခန်းရဲ့ နယ်ထိန်းအဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ အစီရင်ခံစာအရ သိရပါတယ်။
NLD ပါတီရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ရဲ့ အစ်ကိုဖြစ်သူ ဦးတင်သန်းဦးကလည်း ဖမ်းဆီးခံရပြီးနောက် ၁၀ ရက်အကြာ ၂၀၂၃ ခုနစ်၊ ဇူလိုင် ၁၆ ရက် ည စစ်ကြောရေးမှာပဲ သေဆုံးခဲ့ပါတယ်။