Home
နိုင်ငံတကာ
အရေးပေါ်ဖုန်းခေါ်မှုကြောင့် သွားခဲ့သည့် ပန်ဆယ်လ်ဗေးနီးယား ရဲတပ်ဖွဲ့ဝင် ၂ ဦး ပစ်ခတ်ခံရ
DVB
·
August 8, 2025
Photo :Reuters

အမေရိကန်ပြည်ထောင်စု၊ ပန်ဆယ်လ်ဗေးနီးယား ပြည်နယ်ရဲတပ်ဖွဲ့ဝင် ၂ ယောက်ဟာ ဩဂုတ် ၇ ရက်က 911 အရေးပေါ် ဖုန်းခေါ်ဆိုမှုကို သွားရောက်တုံ့ပြန်ချိန်မှာ ပစ်ခတ်ခံခဲ့ရပါတယ်။

ရဲတပ်ဖွဲ့ဝင် ၂ ယောက်လုံးနဲ့ ပစ်ခတ်မှုက တိမ်းရှောင်ဖို့ ကြိုးစားရင်း မတော်တဆ ကားတိုက်မိခဲ့တဲ့ အရေးပေါ် ဆေးဝန်ထမ်းတယောက်တို့ဟာ အခြေအနေတည်ငြိမ်တယ်လို့ ပြည်နယ်ရဲမင်းကြီး ခရစ္စတိုဖာ အယ်လ် ပါရီစ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ကားရ်မင်းဖေးနိုလို့ အမည်ရတဲ့ သံသယရှိသူကတော့ ပစ်ခတ်ခံရပြီး သေဆုံးသွားပါတယ်။ အသက် ၆၁ နှစ်ရှိ ကားရ်မင်းဖေးနိုဟာ သူ့အိမ်နီးချင်း အသက် ၅၇ နှစ်ရှိ မစ္စလောရီဝါ့စ်ကို ကို ပစ်သတ်ခဲ့တာကြောင့် မစ္စဝါ့စ်ကိုရဲ့ အတူနေချစ်သူက 911 ကို ဖုန်းဆက်ပြီး လူသတ်မှုကို အကြောင်းကြားခဲ့တာလို့ ပြည်နယ်ရဲမင်းကြီးက ပြောပါတယ်။

မစ္စ လောရီဝါ့စ်ကိုဟာ သူ့နေအိမ်ရှေ့က မော်တော်ယာဉ်အနီးမှာပဲ ပစ်သတ်ခံခဲ့ရတာလို့လည်း ဆိုပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေက သူ့ကို မော်တော်ယာဉ်ထဲက ထုတ်နေတုန်းမှာ အကွက်အကွင်းကျတဲ့ နေရာကနေ ရိုင်ဖယ်သေနတ်နဲ့ အချက်ပေါင်းများစွာ ခြုံခိုတိုက်ခိုက်ခံခဲ့ရတာပါ။

ရဲတပ်ဖွဲ့ဝင် ဂျိုးဆက်ဖ်ပယ်ရယ်ချင်စကီးက ရင်ဘတ်နဲ့ ခန္ဓာကိုယ် ၂ နေရာမှာ အပစ်ခံရပြီး ရဲတပ်ဖွဲ့ဝင် ဝီလျံဂျန်ကင်န်စ်လည်း လက်တဖက်တချက်စီမှာ ၂ ချက် အပစ်ခံခဲ့ရပါတယ်။

သူတို့ဟာ အလွန်ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပေမဲ့ လက်ရှိမှာ သူတို့အခြေအနေ တည်ငြိမ်နေပါတယ်လို့လည်း ပြည်နယ်ရဲမင်းကြီးက ပါရီစ်က ပြောပါတယ်။

ဘားန်-ကက်ဆင်န် ဆေးရုံမှာ အလုပ်လုပ်နေတဲ့ အရေးပေါ်ဆေးဝန်ထမ်းတယောက်လည်း ပြည်နယ်လမ်းကြောင်း 171 မှာ အရေးပေါ်တုံ့ပြန်ယာဉ်၊ SUV တစီးကို မောင်းနှင်နေတုန်း ပစ်ခတ်သံကို ရှောင်တိမ်းလိုက်တာမှာ လမ်းဘေးကိုကွေ့သွားပြီး ကားမှောက်သွားခဲ့ကာ ဒဏ်ရာတွေရခဲ့ပြီး အခြေအနေ တည်ငြိမ်တယ်လို့လည်း ဆိုပါတယ်။

ပစ်ခတ်သူ ကားရ်မင်းဖေးနိုဟာ ပရိုပိန်းဓာတ်ငွေ့ရည် လောင်စာသိုလှောင်ကားပေါ်မှာ ထိုင်နေပြီး ဆီမီးအော်တိုမက်တစ် သေနတ်ရှည်နဲ့ အချက်ပေါင်းများစွာ ပစ်ခတ်နေတာကြောင့် ပေါက်ကွဲမှုဖြစ်ပွားမှာကို စိုးရိမ်ခဲ့ရကြောင်းနဲ့ သူနဲ့ ညှိနှိုင်းမှု လုပ်နေချိန်အတွင်းမှာလည်း ခြိမ်းခြောက်မှု လုပ်ခဲ့တာကြောင့် အရေးပေါ်တုံ့ပြန်ရေး အထူးတပ်ဖွဲ့ဝင်တွေရဲ့ ပစ်သတ်ခံခဲ့ရတယ် လို့လည်း  ပြည်နယ်ရဲမင်းကြီးက ပါရီစ်က ရှင်းလင်း ပြောဆိုပါတယ်။

Source: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024