
ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်၊ တောင်မြောက်လမ်းဆုံမှာရှိတဲ့ ရဲကင်းစခန်းကို ဧပြီ ၁၂ ရက် ဒီမနက် ၁၀ နာရီလောက်က လက်ပစ်ဗုံးနဲ့ပစ်ခတ်တိုက်ခိုက်ခံရပြီး ရဲကင်းစခန်းထဲက ရဲ ၂ ယောက် လက်ပစ်ဗုံးစထိမှန်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
တောင်ဒဂုံမှာ နေထိုင်တဲ့သူတယောက်က “ပေါက်ကွဲသံ အကျယ်ကြီးကြားရတယ်။ သိပ်မကြာခင်မှာပဲ လူနာတင်ကားရောက်လာပြီး ကင်းတဲထဲက ဒဏ်ရာရတဲ့ ရဲ ၂ ယောက်ကို တင်ခေါ်သွားတယ်”လို့ ပြောပါတယ်။
လက်ပစ်ဗုံးက ရဲနဲ့စစ်သားတွေနေတဲ့ ကင်းစခန်းထဲ ကျရောက်ပေါက်ကွဲပြီး ရဲ ၂ ယောက် ထိသွားကာ သင်္ဃန်းကျွန်းဆေးရုံကို လူနာတင်ကားနဲ့ခေါ်သွားတယ်လို့ The Blood Line မြို့ပြ ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ တာဝန်ခံရဲဘော်ကိုမှန်က ပြောပါတယ်။
လက်ပစ်ဗုံးနဲ့ ရဲကင်းစခန်း တိုက်ခိုက်ခံရတာကြောင့် တောင်ဒဂုံမြို့နယ်မှာ သွားလာနေတဲ့ ကား၊ ဆိုင်ကယ်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတွေက ရှာဖွေစစ်ဆေးနေတယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကို ရန်ကုန်မြို့ပြပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင် တာဖြစ်ပြီး စစ်အာဏာရှင် အမြစ်ပြတ်တဲ့အထိ ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။
ဧပြီ ၁၁ ရက် ညပိုင်းကလည်း အင်းစိန်မြို့နယ်ရှိ စစ်ကောင်စီလေတပ် အိမ်ထောင်သည်လိုင်းခန်း ကင်းဂိတ်ကို လက်ပစ်ဗုံးနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက် ဒဏ်ရာရသွားတယ်လို့ ရန်ကုန်မြို့ပြပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။