
မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်ထဲမှာ စက်တင်ဘာ ၂၃ ရက် မနက် ၁၁ နာရီဝန်းကျင်က ကိုးပင် နယ်မြေရဲစခန်းကနေ ထွက်လာကြတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပစ်ခတ် ရှင်းလင်းခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။
သရက်ခရိုင်တပ်ရင်း ၅ ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက “တောင်တွင်းကြီး-ကိုးပင် -အောင်လံ လမ်းရဲ့ အနောက်ဘက် ကျေးရွာချင်းဆက် လမ်းပိုင်းပေါ်မှာ ဆိုင်ကယ်နဲ့လာတဲ့ ရဲ ၂ ယောက်ကို ပစ်ခတ်ခဲ့တာပါ။ ၂ ယောက်လုံး နေရာမှာတင် ပွဲချင်းပြီးသေပါတယ်” လို့ ပြောပါတယ်။
သေဆုံးတဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ရဲတပ်ကြပ် ခင်မောင်ဝင်း နဲ့ ရဲတပ်သား ရန်နိုင်ထွန်း တို့ဖြစ်ကြပြီး သူတို့ဆီကနေ MA13 သေနတ်တလက်၊ လက်ထိတ်တခုနဲ့ နိုင်ငံသားမှတ်ပုံတင်တခုတို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
သရက်ခရိုင်တပ်ရင်း ၅ တာဝန်ခံ ကိုဖိုးတေ က “သူတို့ ၂ ယောက်ထဲက ဘယ်သူ့ရည်းစားလဲတော့ မသိဘူးဗျာ။ အဲဒီနားရွာက (ရွာရဲ့လုံခြုံရေးကြောင့် ရွာအမည် မထည့်တာပါ) ကောင်မလေးကို တွေ့ဖို့ချိန်းထားလို့ ထွက်လာကြတာကို ကြိုတင်သတင်းရတာနဲ့ ကင်းပုန်းဝပ်ပြီး စောင့်ပစ်ခဲ့ကြတာမှာ ထွက်ပြေးလို့ ဝိုင်းပစ်ခဲ့ကြတာ။ အချက်ရေ ၃၀ ဝန်းကျင်ရှိခဲ့တယ်။ သူတို့ဆိုင်ကယ်လည်း လုံးဝပျက်စီးသွားလို့ အဲဒီနေရာမှာပဲ ဖျက်ဆီးပစ်ခဲ့တယ်” လို့ DVB ကို ပြောပါတယ်။
သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကိုတော့ အဲဒီနေ့ညနေပိုင်းမှာ စစ်တပ်ဘက်က လာရောက်သယ်ဆောင်သွားခဲ့ကြတယ်လို့ သိရပါတယ်။
ပြီးခဲတဲ့ရက်ပိုင်းကလည်း တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး လဲပင်ကျေးရွာနယ်မြေ ရဲစခန်းကို ပေါ်တာဆွဲဖို့ ဖိအားလာပေးတဲ့ကားအား ကြားဖြတ်တိုက်ခိုက်ခဲ့ကြသေးတာကြောင့် ကားပေါ် လိုက်ပါလာကြတဲ့ ဆင်ပေါင်ဝဲမြို့နယ်ရဲတပ်ဖွဲ့မှူးဟာ ခြေထောက်ဖြတ်လိုက်ရပြီး တခြား ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုတွေကို သရက်ခရိုင်တပ်ရင်း ၅၊ မကွေးပြောက်ကျား UG ကံကြီးမောင်အဖွဲ့၊ တောင်တွင်းကြီး ပုဏ္ဏဝတီပြည်သူ့ကာကွယ်ရေးအဖွဲ့၊ နေပြည်တော်စစ်ဒေသ ၉၀၂ တပ်ရင်းတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာလို့ သိရပါတယ်။