Home
မြန်မာသတင်း
ချောင်းဦးတွင် စစ်တပ်လက်နက်ကြီးကြောင့် အမျိုးသမီး ၂ ဦးသေ၊ ကလေး ၂ ဦးဒဏ်ရာရ
DVB
·
October 11, 2025

စစ်ကိုင်းတိုင်း၊‌ ချောင်းဦးမြို့နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်တာကြောင့် အမျိုးသမီး ၂ ယောက် သေဆုံးပြီး ကလေး ၂ ယောက် ဒဏ်ရာရသွားပါတယ်။

အောက်တိုဘာ ၁၀ ရက် မနေ့ည ၁၀ နာရီခွဲလောက်မှာ ချောင်းဦးမြို့ပေါ် ထွေအုပ်ရုံးမှာ တပ်စွဲထားတဲ့ စစ်တပ်က ပစ်ခတ်တာဖြစ်ပြီး ရှမ်းထူးရွာနဲ့ ငါးလုံးတင်ကျေးရွာအုပ်စု ဆင်မြေရွာဘက်ကို  ကျရောက်ပေါက်ကွဲခဲ့တာပါ။

ချောင်ဦးဒေသခံတယောက်က “တိုက်ပွဲဖြစ်တာမရှိဘဲ ရမ်းသန်းပစ်တာဗျ။ ကနဦး ၆ လုံး ဆက်တိုက်ပစ်တာ။ ရှမ်းထူးရွာနဲ့ ငါးလုံးတင် ဆင်‌မြေဘက်ကိုကျရောက် ပေါက်ကွဲတာရှိတယ်။ ၁ ယောက် ပွဲချင်းပြီး သေဆုံးပြီး ၃ ယောက် ပြင်းထန်လို့ သတင်းရတယ်ဗျ။ ‌ပွဲချင်းပြီးသေဆုံးတာက အသက် ၃၅ နှစ်အရွယ် အမျိုးသမီးပါ။ ဒီ‌နေ့  အောက်တိုဘာ ၁၁ ရက်နေ့ မနက်ခင်း ၆ နာရီအချိန်မှာ ဒဏ်ရာပြင်းထန်ရခဲ့တဲ့ အသက် ၆၀  ကျော်အရွယ် အမျိုးသမီးကြီးကတော့ ဆေးဝါးနဲ့သွေး မရရှိတဲ့အတွက် ထပ်မံသေဆုံးသွားပါတယ်။ ကျန်တဲ့ဒဏ်ရာရတဲ့ ၂ ဦးကတော့ ကလေးငယ်တွေဖြစ်ပါတယ်” လို့ ပြောပါတယ်။

‌ချောင်ဦးမြို့နယ်မှာ အောက်တိုဘာ ၆ ရက်ညပိုင်းကလည်း ချောင်းဦးမြို့နယ်ထဲမှာ ဆီမီးထွန်းပွဲလုပ်နေတုန်း စစ်တပ်က ဗုံးကြဲလို့ အများအပြားသေဆုံး ဒဏ်ရာရခဲ့ပါသေးတယ်။

ဒေသတွင်း ကာကွယ်ရေး ခေါင်းဆောင်တယောက်က “စက်တပ်လေထီးနဲ့ ဗုံးချပြီးနောက်ပိုင်း  ကျနော်တို့ ချောင်းဦးနယ်အနောက်ခြမ်းနဲ့ အနောက်မြောက်ခြမ်းကို ကင်းထောက်ဒရုန်းတွေ ပျံသန်းပြီး ထောက်လှမ်းမှုတွေလုပ်ပါတယ်။ လက်နက်ကြီး‌တွေနဲ့ ပစ်ခတ်တယ်။ ပြည်သူကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ပြီး အကြောက်တရားသွင်းနေတယ်” လို့ ပြောပါတယ်။

ချောင်းဦးနယ်အနောက်ခြမ်းနဲ့  အနောက်မြောက်ခြမ်းကပြည်သူတွေဟာ စစ်တပ်ရဲ့ စက်တပ်လေထီးနဲ့ ဗုံးကြဲချတာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေအပြင် ချင်းတွင်းမြစ်အတွင်းစုန်ဆင်းလာတဲ့ စစ်သင်္ဘောနဲ့ ဖလပ်ခွံတွေပေါ်ကနေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာကို ကြုံနေရတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024