
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဘုံတိုရွာမှာ သီတင်းကျွတ်ည ဆီမီးထွန်းနေတဲ့ ရွာသားတွေ ဗုံးကြဲ တိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရသွားတဲ့အတွက် လိုအပ်တဲ့ ဆေးကုသမှုတွေ ခံယူနိုင်ဖို့ ရန်ပုံငွေရှာတဲ့ ကမ်ပိန်းတခု စတင်ပြုလုပ်နေပါတယ်။
နွေဦးဖွံ့ဖြိုးရေးဘဏ် (SDB) ရဲ့ ပြည်သူကနေ ပြည်သူဆီ ထောက်ပံ့လှူဒါန်းနိုင်တဲ့ Spring Crowd Fund (နွေဦးလူထု ရန်ပုံငွေ) ဝက်ဘဆိုက်က “ချောင်းဦးပြည်သူများအတွက် SCF နဲ့အတူ ဖေးမကူ” ဆိုတဲ့ အရေးပေါ်ကမ်ပိန်းတရပ်ကို အောက်တိုဘာ ၉ ရက်ကစပြီး ၂၄ ရက်ကြာ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၆ ရက်က ချောင်းဦးမြို့နယ်၊ ဘုံတိုရွာ သီတင်းကျွတ် မီးထွန်းပွဲကို စစ်ကောင်စီတပ်က ပါရာမော်တာနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးငယ်တွေ အပါအဝင် ဒေသခံ ၂၀ ကျော် သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ပြီးနောက် အောက်တိုဘာ ၈ ရက်နေ့မှာတော့ သေဆုံးသူ ၄၀ ထက်မနည်း ရှိလာပြီး အောက်တိုဘာ ၉ ရက်အထိ သေဆုံးသူတွေ ဆက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လုံလောက်တဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆေးဝါးတွေ မရှိတာကြောင့် ဒဏ်ရာရသူတွေကို အချိန်မီ မကယ်နိုင်ဘဲ သေဆုံးသူအရေအတွက် အဆမတန် များလာတာလို့လည်း ဒေသခံတွေက ဆိုပါတယ်။
အရေးပေါ်ကမ်ပိန်းကတော့ အောက်တိုဘာ ၉ ရက်ကနေ နိုဝင်ဘာ ၂ ရက်အထိ ပြုလုပ်သွားမှာဖြစ်ပြီး ရရှိထားတဲ့ ရန်ပုံငွေပမာဏကို SCF Platform Website ဖြစ်တဲ့ springcrowdfund.org မှာ ကြည့်ရှုနိုင်တယ်လို့ SCF က ဆိုပါတယ်။
ဒီကမ်ပိန်းက ရရှိလာတဲ့ ရန်ပုံငွေအားလုံးကို “စစ်ကိုင်းပြည်သူ ဖေးမကူ ကွန်ရက်” ကတဆင့် ထိခိုက်ဒဏ်ရာရတဲ့ ပြည်သူတွေအတွက် ပို့ဆောင်သွားမယ်လို့ သိရပါတယ်။
ပါဝင်လှူဒါန်းလိုသူတွေအနေနဲ့… [https://springcrowdfund.org/.../77651a71-5972-4f94-a973...](https://springcrowdfund.org/.../77651a71-5972-4f94-a973...) ဝက်ဘ်ဆိုက်လင့်ကတဆင့် လှူဒါန်းနိုင်သလို မြန်မာပြည်တွင်းက လှူမယ်ဆိုရင်တော့ VPN ခံပေးဖို့ လိုတယ်လို့ သိရပါတယ်။
မြတ်သဇင်