
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် အနောက်မြောက်ခြမ်း၊ ညောင်ပင်သာအုပ်စု၊ ဘုံတိုရွာရှိ သီတင်းကျွတ် မီးထွန်းပွဲ ကျင်းပရာနေရာကို စစ်ကောင်စီတပ်က ပါရာမော်တာ စက်တပ်လေထီးနဲ့ ဗုံးကြဲချလို့ ရပ်သားပြည်သူ အယောက် ၂၀ ထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာ အများအပြားရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အောက်တိုဘာ ၆ ရက် မနေ့ ည ၇ နာရီကျော်နဲ့ ည ၁၁ နာရီ ကျော်မှာ စက်တပ်လေထီး ခေါ် ပါရာမော်တာ paramotor ၂ စီးဟာ နမခ စစ်တပ်ထဲကနေ ပျံသန်းလာပြီး ဗုံးသီး ၄ လုံးကြဲချတိုက်ခိုက်ခဲ့တာလို့ လည်း သိရပါတယ်။
ဆီမီးသပိတ်မှာ ပါဝင်ခဲ့တဲ့ ဒေသခံအမျိုးသမီးတယောက်က “အကုန်သေကုန်ပါပြီဟဲ့။ ခေါင်းပြတ်တွေရော၊ ခြေပြတ်လက်ပြတ်တွေရော အများကြီး။ စက်တပ်လေထီး တစီးနဲ့ ချသွားတာ။ ဗုံးသီးက ၂ လုံးကြဲချတာ။ မြေပြင်မှာ ဘာတိုက်ပွဲမှမရှိဘူး။ ဒေသခံတွေ ဆီမီးထွန်းပွဲလုပ်ကြတာပါ။ လူငယ်လေးတွေဆိုတော့ ဆီမီးထွန်းရင်း စစ်အာဏာရှင် မကြိုက်တာကို ဆန္ဒပြ ဆုတောင်းသပိတ်လုပ်ကြသေးနဲ့ တူပါတယ်ကွယ်။ ဆန္ဒပြဆုတောင်းလုပ်တာကို ဒီလိုကြီး ရက်ရက်စက်စက်လုပ်သွားရတယ်လို့ကွယ်။ အစ်မကြီး ရှေ့က အလံကိုင် ၃ တန်းက ကလေး အယောက် ၃၀ မှာ ၂၀ ကတော့ ကုန်သေကြတယ် ထင်ပါတယ်။ အကုန်လုံး သွေးအိုင်ဗွတ်ထဲမှာ တုံးလုံးပက်လက် လဲနေကြတာ မျက်မြင်ပါပဲ။ ခြေပြတ်၊ လက်ပြတ်၊ ခေါင်းပြတ်တွေရော မြင်ခဲ့ရတာ။ အစ်မကြီးကတော့ ကံကောင်းလို့ မသေခဲ့ရတာ။ သူတို့ကနဦး ဗုံးသီးချလိုက်တာက အသေများသွားရတာ။ ကနဦး ဗုံးသီးချလိုက်တော့ အကုန်ထွက်ပြေးကုန်ကြတယ်။ ဆီမီးထွန်းပြီး ထိုင်သပိတ်လုပ်နေတဲ့အချိန်ကို ချသွားတာ”လို့ ပြောပါတယ်။
ဆီမီးပူဇော်ပွဲကို ဘုံတိုရွာအပါဝင်အနီးအနားက ကျေးရွာ ၆ ရွာက ပြည်သူများ စုပေါင်းပြုလုပ်တာ ဖြစ်ပြီး သေဆုံးသူတွေဟာ ဘုံတိုရွာအပါဝင် အနီးအနားကျေးရွာ ၆ ရွာက ပြည်သူတွေလည်း ပါဝင်တယ်လို့လည်း သိရပါတယ်။
ဒေသခံ ပြည်သူ့ကာကွယ်ရေး ခေါင်းဆောင်တယောက်က “ကြဲချတဲ့ နေရာက ဘုံတိုရွာ အရှေ့ဘက် စာသင်ကျောင်းအနီးမှာ ချသွားတာ။ ထိုင်သပိတ်ပြုလုပ်နေတဲ့ နေရာကို တည့်တည့်ကြဲချသွားတာ။ အခုမှ ကူညီကယ်ဆယ်ရေးတွေ သွားကြတုန်းရှိသေးလို့ သေဆုံး၊ အထိအခိုက်ကတော့ အတိအကျ ပြောလို့မရသေးဘူး။ သပိတ် အရှေ့ ၃ တန်းက အလံကိုင်၊ ဆိုင်းဘုတ်ကိုင်တဲ့ လူငယ်လေးတွေကတော့ အကုန်ထိခိုက် သေဆုံးထားတယ်လို့ သိထားရတယ်”လို့ ပြောပါတယ်။
ပထမအကြိမ်ဗုံးသီး ၂ လုံးကြဲချလို့ သေဆုံးဒဏ်ရာရရှိသူတွေကို ကူညီဆောင်ရွက်နေချိန်မှာ နောက်ထပ် ထပ်မံပြီး နမခစစ်တပ်အတွင်းကနေ ည ၁၁ နာရီမှာ ထပ်မံလာရောက်ပြီး စက်တပ် လေထီးနဲ့ ဘုံတိုရွာကို ဗုံးသီး ၂ လုံးကြဲချသွားတာ ဖြစ်ပါတယ်။
အဆိုပါဗုံးသီး ၂ လုံးကြောင့် ဒေသခံပြည်သူတွေ ထိခိုက်မှုမရှိပေမဲ့ လူနေအိမ်တချို့ ပျက်စီးသွားတယ်လို့ သိရပါတယ်။
ဘုံတိုရွာဟာ အိမ်ခြေ ၁၀၀ လောက်ရှိတဲ့ ကျေးရွာဖြစ်ပြီး စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ကြောင့် ဒေသခံပြည်သူတွေ ညအချိန်မှာ နေရပ်စွန့်နေကြရပါတယ်။