
စစ်ကောင်စီက ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲနဲ့ပတ်သက်လို့ စိတ်ဝင်စားမှုနည်းပါးတဲ့ ပြည်သူလူထုကို စစ်ကောင်စီဟာ ဘက်ပေါင်းစုံကနေ ပုံစံမျိုးစုံနဲ့ ဖိနှိပ်ချုပ်ချယ်တာ ခြိမ်းခြောက်နေပြီး လူ့အခွင့်အရေးတွေကို ပြင်းပြင်းထန်ထန်ချိုးဖောက်နေတယ်လို့ စောင့်ကြည့်လေ့လာသူတွေက ဝေဖန်ပါတယ်။
လူထုက ကိုယ်ရွေးချယ်ချင်တဲ့ ကိုယ်စားလှယ်လောင်းမပါရင် မဲမပေးဘဲ နေပိုင်ခွင့်ရှိသလို ပြည်သူ တယောက်အနေနဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ သဘောမကျရင် သဘောမကျကြောင်း ထုတ်ဖော်ပြောဆို ခွင့်ရှိရမှာလည်းဖြစ်ပါတယ်။
ဒါတွေက အခြေခံလူ့အခွင့်အရေးတရပ်ဖြစ်သလို တိုင်းပြည်မငြိမ်မသက် ဖြစ်နေချိန်မှာ အခုလိုတွေ ထုတ်ဖော်ပြောဆိုနေတာဟာ ခြိမ်းခြောက်နေတာထက်ပိုကြောင်း ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတယောက်က ပြောပါတယ်။
"စစ်အုပ်စုက ကျင်းပမယ့်ရွေးကောက်ပွဲကို လူထုက လက်မခံတာ၊ လူထုက ဝေဖန်နေတဲ့ဟာတွေ၊ နောက်တခုက ဒီလို ပဋိပက္ခဖြစ်နေတဲ့ အခြေအနေမျိုးတွေမှာ ပြောတာဖြစ်တယ်၊ ဒါဟာ ခြိမ်းခြောက်မှု တခုထက်တောင် ပိုတယ်။ နောက်တဖက်ကလည်း ရွေးကောက်ပွဲ ကာကွယ် စောင့်ရှောက် ဥပဒေလိုမျိုး ဆိုးရွားတဲ့နှိပ်ကွပ်တဲ့ ဥပဒေလိုမျိုးတွေ ပြဋ္ဌာန်းထားတဲ့အခြေအနေမှာ လိုသလို ဖမ်းဆီးလို့ရတဲ့ အခြေအနေမှာ ဒီလို ပြောဆိုတာတွေက လူတဦးချင်းစီရဲ့ လူ့အခွင့်အရေးကို ချိုးဖောက်ရာရောက်တယ်။ လူ့အခွင့်အရေးထဲမှာမှ အခြေခံအကျဆုံး လူ့အခွင့်အရေးကို ချိုးဖောက်ရာကျတယ်လို့ ပြောလို့ရပါတယ်။"
စစ်ကောင်စီဟာ ရွေးကောက်ပွဲဆန့်ကျင်သူတွေကို ပုဒ်မတပ်ဖမ်းဆီးအရေးယူတာ၊ ရွေးကောက်ပွဲ နှောင့်ယှက်သူတွေကိ် သေဒဏ်ထိ ချမှတ်နိုင်တဲ့ ရွေးကောက်ပွဲကာကွယ်ရေးဥပဒေတွေ ထုတ်ပြန်တာ၊ ရွေးကောက်ပွဲ ဆန့်ကျင်ဝါဒဖြန့် သတင်းစာတွေထဲ ထည့်ကြေညာတာ စတာတွေကို ဆက်တိုက်ပြုလုပ်နေတာပါ။
စစ်တပ်ရဲ့ ဝါဒဖြန့်သတင်းစာ ၃ ခုမှာဆိုရင်လည်း ပြီးခဲ့တဲ့ ဩဂုတ် ၂၉ ရက်နေ့ကစလို့ နေ့စဉ်နေ့တိုင်း သတင်းစာရဲ့ ထိပ်ဆုံးစာမျက်နှာတွေမှာ ၁၉၄၇ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းထဲက “ရွေးကောက်ပွဲ ဖျက်မယ် ဆိုတဲ့သူတွေကို ဒီတိုင်းကြည့်နေမှာ မဟုတ်” ဆိုတဲ့ ခေါင်းစီးနဲ့ တလကျော်ကြာအောင် ခြိမ်းခြောက်မှု ပါဝင်တဲ့ အရေးအသားတွေကို ဖော်ပြနေခဲ့တာဖြစ်ပါတယ်။
တော်လှန်ရေးဦးဆောင်လှုပ်ရှားမှု ဦးဆောင်သူ ကိုတေဇာဆန်း ကတော့ ဒီလို ခြိမ်းခြောက်ဖော်ပြချက်တွေက စစ်ကောင်စီရဲ့ လုပ်ကွက်ဖြစ်တယ်လို့ ပြောပါတယ်။
"ရွေးကောက်ပွဲအတုကိုပြည်သူတွေက လုံးဝ လက်မခံဘူး ဆန့်ကျင်ကြတယ်။ ဒါကြောင့် မဲပေးသူမရှိမှာစိုးတဲ့အတွက် မဲပေးသူအင်မတန်နည်းပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်မှာစိုးတဲ့အတွက် ဒါအခုကတည်းက နည်းလမ်းမျိုးစုံနဲ့ ခြိမ်းတယ်ခြောက်တယ်၊ ဟောက်တယ်ပေါ့ဗျာ။ သေချာပါတယ် စစ်အုပ်စုက လူထုကို မဖြစ်မနေ ဓားမိုး သေနတ်ထောက်ပြီးတော့ မဲပေးခိုင်းဖို့ ကြိုးစားနေတဲ့ ဇာတ်ကွက်ကြီးပါပဲ။ ရွေးကောက်ပွဲအတုကို လူထုပါဝင်မှု များအောင်ဆိုပြီး နည်းလမ်းမျိုးစုံနဲ့ လုပ်နေတဲ့အထဲမှာ အားလုံးသိကြပါလိမ့်မယ်။ မြန်မာ့လွတ်လပ်ရေး အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပြောခဲ့တဲ့စကားတွေကိုတောင် ကိုးကားပြီးတော့ ဖြတ်ညှပ်ကပ်ပေါ့ဗျာ၊ ဒါနဲ့ပတ်သက်လို့က တော်တော်ရီစရာကောင်းတယ်ဗျ။ သမိုင်းဆိုတာ မသိတဲ့ကိစ္စမှ မဟုတ်တာ။ ဗိုလ်ချုပ် အောင်ဆန်းက ဒါကို ၁၉၄၇ ခုနှစ် တိုင်းပြည်ပြုလွှတ်တော်ရွေးကောက်ပွဲမှာ ပြောခဲ့တဲ့စကားပေါ့။ အခြေအနေချင်းက လုံးဝတခြားစီဗျ အဖြူနဲ့ အမည်းပဲ။"
လာမယ့် ဒီဇင်ဘာလုပ်မယ့် ရွေးကောက်ပွဲကို ထိခိုက်စေနိုင်တဲ့ လှုံ့ဆော်မှုတွေ၊ ဝါဒဖြန့်ရေးသားမှု ပြုလုပ်ခဲ့သူ ၆၄ ယောက်ကို ရွေးကောက်ပွဲကာကွယ်ရေးဥပဒေအရ အရေးယူထားကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။
ဝေဝေ