
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်ရှိ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားရာ နမ္မတူမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းကို အောက်တိုဘာ ၇ ရက် မနက် ၆ နာရီခွဲလောက်မှာ စစ်တပ်က လေယာဉ်နဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နမ္မတူမြို့၊ ရပ်ကွက် ၈ ရှိ ပုဗ္ဗာရုံဘုန်းကြီးကျောင်းကို အောက်တိုဘာ ၇ ရက် ဒီနေ့မနက်က လေကြောင်းနဲ့ ထပ်မံဗုဲးကြဲခံရတာသွားတာဖြစ်ပြီး ဒေသခံတွေရာ ဆရာတော်တွေပါ စစ်ရှောင်နေလို့ ထိခိုက်သေဆုံးတာ မရှိဘူးလို့ ဒေသခံတယောက်က ပြောပါတယ်။
နောက်ထပ် ဒေသခံ အမျိုးသားတယောက်က “နမ္မတူ ထပ်ကြဲသွားတာ ဟုတ်တယ်။ လူထိခိုက်မှု မရှိဘူးတဲ့။ ဘုန်းကြီးတွေက ရှောင်ကုန်ကြပြီ။ ၂ ရက်နေ့ ကြဲတဲ့အိမ်နားက ဘုန်းကြီးကျောင်းပါ။ ဒေသခံတွေ တဝက်လောက် ရှောင်ကုန်ပြီ”လို့ ပြောပါတယ်။
ပုဗ္ဗာရုံကျောင်း မူလပထမဆုံး ဆောက်ခဲ့တဲ့ ၂ ထပ်ဆောင် ထိသွားပေမဲ့ လူထိခိုက်မှုမရှိဘူးလို့ ကြားသိရပါတယ်လို့ သူက ပြောပါတယ်။
နမ္မတူမြို့မှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ အောက်တိုဘာ ၇ ရက် မနက်ပိုင်း ၆ နာရီ ၃၃ မိနစ်က ဗုံးကြဲချ တိုက်ခိုက်ခဲ့ကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနကလည်း သတင်းထုတ်ပြန်ထားပါတယ်။
ဒီမနက် ၆ နာရီခွဲမှာ နမ္မတူမြို့ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ နမ္မနတူမြို့ ရပ်ကွက် ၈ ရှိ မန်ဟောင်ရွာ ပုဗ္ဗာရုံ ဘုန်းကြီးကျောင်းရဲ့ ပထမဦးစွာ ဆောက်ခဲ့တဲ့ ၂ ထပ်ကျောင်းဆောင် ထိမှန်ပျက်စီးသွားတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP-SSA) ဘက်ကလည်း သတင်းထုတ်ပြန်ထားပါတယ်။
စစ်တပ်က အောက်တိုဘာ ၆ ရက် သီတင်းကျွတ်လပြည့်နေ့ တရက်တည်းမှာပဲ မနက် ၇ နာရီခွဲကျော်လောက်က ဂျက်တိုက်လေယာဉ်နဲ့ ကျောက်မဲခရိုင်အတွင်းရှိ TNLA ထိန်းချုပ်ထားတဲ့ နမ္မတူ ရပ်ကွက် ၂၊ မြို့မ ဈေးရပ်မှာ ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ နေအိမ်တချို့နဲ့ ကားတွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။
ဒါ့အပြင် သီပေါမြို့ မိုက်ခရိုဝေ့ဗ်ဆက်သွယ်ရေးဝင်းထဲ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ၁ နှစ်အရွယ် ကလေးငယ်အပါအဝင် ဒေသခံ ပြည်သူ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် အဆောက်အအုံတွေ ပျက်စီးခဲ့တာ ဖြစ်ပါတယ်။
အောက်တိုဘာ ၂ ရက်ကလည်း နမ္မတူမြို့ ရပ်ကွက် ၈၊ ပုဗ္ဗာရုံဘုန်းကြီးကျောင်းအနီး လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံ ပြည်သူ ၄ ယောက် သေဆုံးခဲ့ပြီး ၅ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။