သီတင်းကျွတ်လပြည့် ဗုဒ္ဓဘာသာဝင်တွေရဲ့ အခါကြီးရက်ကြီးနေ့ဖြစ်တဲ့ အောက်တိုဘာ ၆ ရက်မှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်ရှိ နမ္မတူမြို့နဲ့ သီပေါမြို့တို့ကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ထပ်မံဗုံးကြဲ တိုက်ခိုက်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီနေ့မနက် ၇ နာရီခွဲလောက်မှာ နမ္မတူမြို့၊ ပန်ဟိုက် ရပ်ကွက် ၂ ကို ဂျက်လေယာဥ်နဲ့ ဗုံးကြဲသွားတာလို့ ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“နေအိမ် အတန်းလိုက် ၃ လုံး၊ လမ်းမျက်နှာချင်းဆိုင်အိမ်၂ လုံး၊ အိမ်စီးကား ၂ စီး၊ ခရီးသည်တင် မှန်လုံကား ၁ စီး ပျက်စီးပါတယ်။ လူသေဆုံးတာ မရှိပါဘူး။ ဒဏ်ရာရတာ ရှိတယ်လို့တော့ ကြားပါတယ်။ ဘယ်နှယောက်လဲတော့ မသိပါဘူး။ လေယာဉ်ဗုံးကျတဲ့ နေရာနဲ့ တော်တော်လှမ်းလှမ်း ပန်ဟိုက် ရပ်ကွက် (၁) နဲ့ (၃) တွေအထိ အိမ်တွေရဲ့ မှန်တွေကွဲ၊ မျက်နှာကြက်တွေ ပြုတ်ကျကုန်တယ်။”
စစ်တပ်က နမ္မတူမြို့မှာ ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီးနောက် ၄ မိနစ်အကြာမှာ သီပေါမြို့ထဲလည်း ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“မိုင် ၄၀ ခရီးကို ၄ မိနစ်ပဲ ကြာတယ်။ သီပေါ ဆက်သွယ်ရေးရုံးဘေးက ထွေအုပ်ဝန်ထမ်းအိမ်ရာ သုံးထပ် အဆောက်အအုံကို ပစ်သွားတာပါ။ လူအသေအပျောက် မရှိဘူးလို့တော့ ကြားထားတာပဲ။”
ဂျက်တိုက်လေယာဉ်နဲ့ နမ္မတူကို မနက် ၇ နာရီ ၃၈ မိနစ်မှာ ကြဲသွားပြီးနောက် သီပေါကို မနက် ၇ နာရီ ၄၄ မိနစ်မှာ ပြန်ကြဲသွားတာဖြစ်ပြီး လပြည့်နေ့ဖြစ်နေတော့ ဘုရားသွား၊ ကျောင်းတက်၊ ဘုန်းကြီးကျောင်းရောက် နေချိန်မို့လို့ လူအထိအခိုက်မရှိတာလို့ ဆိုပါတယ်။
နမ္မတူမြို့ မြို့မဈေးရပ် ရပ်ကွက် ၂ မှာ ဗုံးကြဲတိုက်ခိုက်လို့ နေအိမ် ၆ အိမ် ထိမှန်ပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက သတင်းထုတ်ထားပါတယ်။
အောက်တိုဘာ ၂ ရက်ကလည်း နမ္မတူမြို့ပေါ်ကို စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ ဒေသခံ ပြည်သူ ၄ ယောက် သေဆုံးကာ ၅ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
သီပေါမြို့မှာလည်း အောက်တိုဘာ ၂ ရက်က တကြိမ်၊ အောက်တိုဘာ ၄ ရက် တရက်တည်း ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကာ လေယာဉ်ဗုံးကြောင့် သေဆုံးသူ ဒေသခံ ပြည်သူ ၃ ယောက် ရှိပြီး နေအိမ် အဆောက်အအုံ အများအပြား ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။