Home
ဆောင်းပါး
စစ်ဖြစ်နေတဲ့ မြန်မာပြည်မှာ စစ်ဗိုလ်ချုပ်တွေ ဘာကြောင့် ရွေးကောက်ပွဲ လုပ်ချင်နေသလဲ 
DVB
·
October 6, 2025

မြန်မာစစ်ခေါင်းဆောင်တွေက သူတို့ကျင်းပမယ့် ရွေးကောက်ပွဲဟာ အရပ်သားအုပ်ချုပ်ရေးကို ပြန်သွားတဲ့ခြေလှမ်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အခုအခြေအနေမှာ သူတို့ဟာ နိုင်ငံတဝက်လောက်ကိုတောင် မထိန်းချုပ်နိုင်သေးပါဘူး။ လက်နက်ကိုင်တော်လှန်ရေးတွေ ကလည်း ပြင်းထန်နေဆဲ ဖြစ်ပါတယ်။ ဒီတော့ ဒါက တကယ့်အသွင်ကူးပြောင်းရေးလား၊ ဒါမှမဟုတ် နည်းဗျူဟာအရ ခဏနားပြီး အသစ်ပြန်စဖို့ ကြိုးစားတာလား။

မြန်မာစစ်အုပ်ချုပ်သူတွေဟာ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း ချမှတ်ခဲ့တဲ့ အရေးပေါ် အခြေအနေကို ဇူလိုင်လမှာ တရားဝင် အဆုံးသတ်လိုက်ပါတယ်။ ဒါဟာ အရေးပေါ်အခြေအနေ ကြေညာထားခဲ့တာ ၄ နှစ်ကျော်အကြာမှာ ဖြစ်ပါတယ်။ ဒီနောက် တနိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။

စစ်ကော်မရှင် ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အခုချိန်မှာ ယာယီသမ္မတအဖြစ် တာဝန်ယူထားသလို လက်နက်ကိုင်တပ်ဖွဲ့ရဲ့ အကြီးအကဲလည်း ဖြစ်ပါတယ်။

အာဏာသိမ်းပြီးကတည်းက စစ်တပ်ဟာ ခုခံတော်လှန်ရေးအဖွဲ့တွေနဲ့ရော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ပါ တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့တာပါ။ လန်ဒန်အခြေစိုက် နိုင်ငံတကာ မဟာဗျူဟာလေ့လာရေးအဖွဲ့က တိုက်ခိုက်မှု၊ ပေါက်ကွဲမှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို စာရင်းပြုစုထားပါတယ်။ အဲဒီစာရင်းတွေအရ ပြီးခဲ့တဲ့တနှစ်လုံးမှာ တိုက်ပွဲတွေဟာ လုံးဝ လျော့ကျသွားခြင်း မရှိဘူးလို့ သိရပါတယ်။

စစ်တပ်ရဲ့ လှုပ်ရှားမှုတွေအပေါ် မေးခွန်းများ

ထိုင်းနိုင်ငံအခြေစိုက် လွတ်လပ်တဲ့ မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေးဗစ် မက်သီဆင်က ဒီရွေးကောက်ပွဲဟာ “လုံးဝ ဟန်ပြသက်သက်ပါပဲ” လို့ ပြောပါတယ်။ “ဒီထဲက ဘာတခုမှ အစစ်အမှန်မဟုတ်ပါဘူး” လို့ သူက ဆိုပါတယ်။

“ဒါက စစ်တပ်က အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တခုခု ရှိသယောင် ဟန်ဆောင်နေတာပါ။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ဒါဟာ စစ်အုပ်ချုပ်ရေးကို ပုံစံတမျိုးပြောင်းပြီး ဆက်လုပ်သွားတာပဲ ဖြစ်လိမ့်မယ်” လို့ သူက DW ကို ပြောပါတယ်။

“သူတို့ရဲ့အတွေးကတော့ ဒီရွေးကောက်ပွဲကို ကျင်းပလိုက်လို့ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေနဲ့ နိုင်ငံရေးအုပ်စုတွေကြား သွေးကွဲသွားမယ်ဆိုရင် ဒါ ကောင်းတယ်လို့ ယူဆနေတာပါ”

“သူတို့က ‘တိုင်းပြည်ကို ပြန်လည်စည်းလုံးညီညွတ်အောင်လုပ်ဖို့’ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီ ရယ်စရာကောင်းတဲ့ ရွေးကောက်ပွဲကို ကျင်းပမယ်လို့ ပြောကောင်းပြောပါလိမ့်မယ်။ ဒါပေမဲ့ တကယ်တမ်းမှာတော့ သူတို့မျှော်လင့်နေတာက ပိုပြီး ကွဲပြားသွားဖို့ပါပဲ။”

စစ်ကောင်စီဟာ နိုင်ငံရဲ့ တဝက်အောက်ကိုပဲ ထိန်းချုပ်ထားနိုင်ပါတယ်။ တိုက်ပွဲတွေကြောင့် လူ ၃ သန်းခွဲကျော်လည်း နေရပ်စွန့်ခွာနေရပါတယ်။ ဒါကြောင့် နိုင်ငံတကာစောင့်ကြည့်သူတွေက ဒီရွေးကောက်ပွဲကို ဟန်ပြပွဲတခုအဖြစ် ပြင်းပြင်းထန်ထန် ဝေဖန်နေကြပါတယ်။

လေ့လာသုံးသပ်သူတွေကတော့ ဒီရွေးကောက်ပွဲဟာ မင်းအောင်လှိုင်အတွက် အာဏာ ဆက်လက်ချုပ်ကိုင်နိုင်ဖို့ လမ်းခင်းပေးလိမ့်မယ်လို့ ဆိုကြပါတယ်။ သူဟာ သမ္မတအဖြစ်၊ စစ်ခေါင်းဆောင်အဖြစ်၊ ဒါမှမဟုတ် ထိန်းချုပ်မှုကို ပိုခိုင်မာစေမယ့် ရာထူးအသစ်တခုခုနဲ့ ဆက်ရှိနေနိုင်ပါတယ်။

ဖိအားအောက်ရောက်နေတဲ့ စစ်ခေါင်းဆောင်များ

အာဏာသိမ်းပြီးကတည်းက စစ်ဗိုလ်ချုပ်တွေဟာ ရွေးကောက်ပွဲ ကျင်းပပြီး အရပ်သားအစိုးရထံ အာဏာလွှဲပေးမယ်လို့ ကတိပေးခဲ့ပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲကို အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့ကြပါတယ်။

ဒါပေမဲ့ စစ်ကောင်စီဟာ ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။ တချက်ကတော့ စီးပွားရေးက ယိုယွင်းလာနေပြီး နောက်တချက်ကတော့ ပြည်တွင်းစစ်ရဲ့ ဘေးထွက်ဆိုးကျိုးတွေကို အိမ်နီးချင်းနိုင်ငံတွေက ခံစားနေရတာကြောင့်ပါ။ ဒီဖိအားတွေကြောင့် စစ်ကောင်စီဟာ အခုအစီအစဉ်တွေကို အကောင်အထည်ဖော်ဖို့ တွန်းအားပေးခံနေရတာ ဖြစ်တယ်လို့ ဗြိတိန်အခြေစိုက် Economist Intelligence Unit က ချင်မ်လီက ပြောပါတယ်။

“နိုင်ငံတကာအဆင့်မှာ တရားဝင်မှုတခုခုမရှိဘဲ မြန်မာနိုင်ငံအတွက် ရင်းနှီးမြှုပ်နှံမှုတွေရဖို့ သိပ်ခက်ပါတယ်” လို့ သူက ဆိုပါတယ်။ “အထည်ချုပ်လုပ်ငန်းတွေ ထွက်သွားတယ်။ သဘာဝဓာတ်ငွေ့တွင်းတွေလည်း ကုန်ခန်းလာတယ်။ ဒါကြောင့် စီးပွားရေးက လက်တွေ့မှာတော့ ပြိုလဲနေပါပြီ။ ဒါတွေအားလုံးက စီးပွားရေးဖိအားတွေ တိုးလာနေတာကို ပြနေပါတယ်။”

စစ်ဗိုလ်ချုပ်တွေဟာ အခုတော့ ဒီရွေးကောက်ပွဲကို ပဋိပက္ခအဆုံးသတ်ဖို့ နည်းလမ်းတခုအဖြစ် ပုံဖော်နေပါတယ်။ ရွေးကောက်ပွဲမတိုင်ခင် လက်နက်ချမယ့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ငွေသားဆုချမယ်လို့တောင် ကမ်းလှမ်းထားပါတယ်။

ရွေးကောက်ပွဲလုပ်လိုက်ရင် တော်လှန်ရေးအုပ်စုတွေနဲ့ တိုင်းရင်းသားအဖွဲ့တွေကြားက မဟာမိတ်တချို့ သွေးကွဲသွားနိုင်တယ်လို့ သူတို့မျှော်လင့်နေကြောင်း လီက ပြောပါတယ်။ အဲဒီအခါ တိုက်ပွဲတွေ လျော့ကျသွားပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ ပြန်ဝင်လာအောင် ဆွဲဆောင်နိုင်လိမ့်မယ်လို့ သူက ထပ်ပြောပါတယ်။

“ဒါတွေအားလုံးကတော့ စိတ်ကူးထဲမှာပဲ ဖြစ်နိုင်တာပါ။ တကယ်ဖြစ်လာမလား ဆိုတာကတော့ ဘယ်သူမှ အသေအချာ မပြောနိုင်ပါဘူး” လို့ သူက မှတ်ချက်ပေးပါတယ်။

တကယ်လို့ လက်နက်ကိုင်အဖွဲ့တွေက သူတို့နယ်မြေတွေမှာ ရွေးကောက်ပွဲကို တားဆီးဖို့ ကြိုးစားလာရင် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်ပါတယ်။ ဒါဟာ စစ်ကောင်စီအတွက် ပြောင်းပြန်သက်ရောက်မှုတွေတောင် ဖြစ်လာနိုင်တယ်လို့ လီနဲ့ တခြားလေ့လာသုံးသပ်သူတွေက သတိပေးထားပါတယ်။ အဖွဲ့တချို့ကတော့ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုဘူးလို့ ကြိုတင်ကြေညာထားပြီးသားပါ။

တရုတ်ရဲ့ မဟာဗျူဟာမြောက် အကျိုးစီးပွား

တရုတ်နိုင်ငံကတော့ မြန်မာဗိုလ်ချုပ်တွေကို ရွေးကောက်ပွဲကျင်းပဖို့ ဆက်တိုက် တိုက်တွန်းနေပါတယ်။ အကူအညီပေးဖို့လည်း အကြိမ်ကြိမ် ကမ်းလှမ်းခဲ့ပါတယ်။

ဝါရှင်တန်အခြေစိုက် Stimson Center က ယွမ်ဆန်း ကတော့ တရုတ်အစိုးရရဲ့ ယုံကြည်ချက်ကို အခုလို ပြောပါတယ်။ ရွေးကောက်ပွဲဟာ ဘယ်လောက်ပဲ ဟန်ပြဖြစ်နေပါစေ၊ ဒါ တခုတည်းကသာ မြန်မာပြည်ကို အကြမ်းဖက်မှုတွေရဲ့ နွံအိုင်ထဲကနေ ဆွဲထုတ်နိုင်မယ့် မျှော်လင့်ချက် ဖြစ်တယ်လို့ သူတို့က ယူဆနေပါတယ်။

ဒီလိုလုပ်ခြင်းအားဖြင့် တရုတ်နိုင်ငံဟာ မြန်မာပြည်ရှိ သူ့ရဲ့ ကြီးမားတဲ့ စီးပွားရေးနဲ့ မဟာဗျူဟာမြောက် အကျိုးစီးပွားတွေကို ကာကွယ်နိုင်မှာပါလို့ လီက ဆိုပါတယ်။ အဲဒီထဲမှာ တရုတ်နိုင်ငံရဲ့ ကုန်းတွင်းပိတ်ဒေသတွေကို အိန္ဒိယသမုဒ္ဒရာနဲ့ ဆက်သွယ်ပေးမယ့် ဒေါ်လာဘီလီယံပေါင်းများစွာ တန်တဲ့ စီးပွားရေးစင်္ကြံ စီမံကိန်းလည်း ပါဝင်ပါတယ်။

ရွေးကောက်ပွဲကို ထက်ထက်သန်သန်နဲ့ တွန်းအားပေးခဲ့တဲ့အတွက် တရုတ်ဟာ ရလဒ်ကို အသိအမှတ်ပြုမှာ သေချာသလောက်ပါပဲ။ အဲဒီကနေ ပေါ်ပေါက်လာမယ့် ဘယ်လိုအစိုးရမျိုးကို မဆို ထောက်ခံမှာပါ။ ရုရှားကလည်း အလားတူပါပဲ။

လီနဲ့ မက်သီဆင်တို့ကတော့ အနောက်နိုင်ငံတွေဟာ ရွေးကောက်ပွဲကို လက်ခံမှာမဟုတ်ဘူးလို့ သုံးသပ်ကြပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ အာဏာသိမ်းပြီးကတည်းက မြန်မာပြည်အပေါ် ပြင်းထန်တဲ့ ပိတ်ဆို့အရေးယူမှုတွေ လုပ်ထားပြီး စစ်တပ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့လို့ပါပဲ။

ဒါပေမဲ့ မြန်မာ့အိမ်နီးချင်းနိုင်ငံတချို့ကတော့ ရွေးကောက်ပွဲရလဒ်ကို ကြိုဆိုနိုင်ဖွယ် ရှိပါတယ်။ အဲဒီထဲမှာ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ အာဆီယံအဖွဲ့ဝင်တချို့ ပါဝင်ပြီး သူတို့ဟာ တရုတ်နဲ့ ရုရှားတို့ရဲ့ လမ်းစဉ်အတိုင်း လိုက်နိုင်ပါတယ်။

အာဆီယံအဖွဲ့ဟာ စစ်အုပ်စုနဲ့ ဘယ်လိုဆက်ဆံမလဲ ဆိုတဲ့အပေါ်မှာ သဘောထား ကွဲလွဲနေပါတယ်။ ဒါကြောင့် လာမယ့်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တညီတညွတ်တည်း ရပ်တည်ချက် မရှိသေးပါဘူး။

အင်ဒိုနီးရှားနဲ့ မလေးရှားလို အဖွဲ့ဝင်တချို့က စစ်အုပ်စုအပေါ်မှာ တင်းတင်းမာမာ ရပ်တည်နေပါတယ်။ ၂၀၂၂ ခုနှစ်မှာ အာဆီယံက မြန်မာဗိုလ်ချုပ်တွေကို အစည်းအဝေးကြီးတွေ တက်ရောက်ခွင့်မပြုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီဆုံးဖြတ်ချက်ချပြီး နောက်ပိုင်းမှာတော့ ထိုင်းနိုင်ငံလို တခြားနိုင်ငံတွေက မြန်မာနိုင်ငံကို အသိုက်အဝန်းထဲ ပြန်ခေါ်သွင်းဖို့ ပိုပြီး ပွင့်လင်းတဲ့ သဘောထား ရှိလာကြပါတယ်။

အိန္ဒိယ၊ ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေ အားလုံးဟာ မကြာသေးတဲ့နှစ်တွေအတွင်းမှာ ဒုက္ခသည်တွေ ဝင်လာတာနဲ့ နယ်စပ်ကုန်သွယ်ရေး ထိခိုက်တာတွေကို ကြုံတွေ့ခဲ့ရပါတယ်။

တရုတ်နိုင်ငံလိုပဲ အဲဒီနိုင်ငံတွေကလည်း တည်ငြိမ်ရေးကို အဓိကထား မျှော်လင့်နေကြပါတယ်။ ပုံစံသစ်နဲ့ အစိုးရတရပ်ကို အသွင်ကူးပြောင်းလိုက်ရင် တိုင်းပြည် ပြန်တည်ငြိမ်သွားမယ်လို့ သူတို့က ယူဆနေကြတာပါ။ ဒါကြောင့် ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတမှု ရှိ၊ မရှိ ဆိုတဲ့ စိုးရိမ်မှုတွေကိုတော့ ဘေးဖယ်ထားကြမှာဖြစ်တယ်လို့ လီက ဆိုပါတယ်။

“ဒီလိုအခြေအနေတွေ အားလုံးက မြန်မာနဲ့ ကပ်လျက်ရှိတဲ့ အစိုးရတွေကို သူတို့ရဲ့ချဉ်းကပ်ပုံမှာ ပိုပြီး လက်တွေ့ကျအောင် တွန်းအားပေးနေပါတယ်” လို့ သူက ပြောပါတယ်။

ဇွန်ဘော် ပီတာ

Ref: DW

(ဂျာမန်သတင်းဌာန DW ဝက်ဆိုက်တွင်   သတင်းထောက် Zsombor Peter ရေးသားထားသည့် “Why do war-torn Myanmar's generals want elections?”  သတင်းဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြသည်။)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024