Home
မြန်မာသတင်း
မဲစာရင်း အများအပြားလွဲမှားနေ၊ သေသူများလည်း ပါဝင်နေဟု ဘူးလက်လှဆွေ ပြော
DVB
·
October 6, 2025

စစ်တပ်ဩဇာခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)  ထုတ်ပြန်ထားတဲ့ မဲဆန္ဒရှင် စာရင်းတွေမှာ ရာနဲ့ချီလွဲမှားနေပြီး သေတဲ့သူတွေလည်း ပြန်ပါနေသလို သက်ရှိထင်ရှားရှိနေသူတွေ မဲစာရင်းမပါတာတွေ ရှိနေတယ်လို့ ကြံ့ခိုင်ရေးပါတီ ပုဗ္ဗသီရိမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလှဆွေက ပြောပါတယ်။

UEC က ထုတ်ပြန်လိုက်တဲ့ မဲစာရင်းတွေဟာ နေပြည်တော်လို နေရာမျိုးမှာတောင်  ရာနဲ့ချီ ကွာခြားနေတာကို ဘူးလက်လှဆွေ လို့ လူသိများတဲ့ ဦးလှဆွေက သူ အသုံးပြုနေတဲ့ Lion United usdp Tiktok Account ကနေ အောက်တိုဘာ ၅ ရက်က တရားဝင် ထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“ကျနော်တို့ မဲစာရင်းတွေ ကပ်ထားတာ သွားကြည့်တယ်၊ အတော်လေးလွဲနေတယ်။ ဘယ်လိုလွဲတာလဲ ဆိုတော့ ၂၀၂၀ က မဲစာရင်းအဟောင်းကြီးတွေလို့ ယူဆတဲ့ ကပ်ထားတယ်၊ အခု အသစ်ပြန်ကောက်တဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ ပြန်ကောက်တဲ့စာရင်းတွေ မဟုတ်ဘူး။ ကွာတာက အတော်ကွာတယ်။ ၅၀၀ မှာ ၃၀၀ လောက် ကွာတယ်။ ဒါ သိပ်မကောင်းဘူး။ UEC အနေနဲ့ ပြန်လုပ်ရမယ်။ ပုံစံ ၃ နဲ့ ပြန်လျှောက်ပြီး အတော်လုပ်ရမယ်။ ၁၂ ရက်နေ့ဆိုတော့ ဒီနေ့က ၅ ရက်ဆိုတော့ ဒီတပတ်အတွင်းမှာ အတော်လုပ်ယူရမယ်။ မင်္ဂလာဒီပလို ရပ်ကွက်မျိုးမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတောင် မပါဘူး။ ရပ်ကွက်အုပ်ချုပ်ရေးမှူး မိသားစုက မဲစာရင်းမှာ မပါဘူး။ ကျန်တဲ့သူဆို ပြောမနေနဲ့။ အဲဒီလို ဖြစ်နေတယ်။ သေသွားတဲ့သူတွေလည်း ပြန်ပါနေတယ်။ နောက်တခါ အပြီးပြောင်းသွားတဲ့သူတွေ ပြန်ပါနေတယ်။ ဒါက အတော်များတယ်။ လွှတ်တော်ကိုယ်စားလှယ် တယောက်ပဲ ပါတယ်၊ သူ့မိသားစု မပါဘူး။ လွှတ်တော်ကိုယ်စားလှယ်တောင် အားနာလို့ ထည့်ပေးလိုက်လား မသိဘူး။ UEC က ဒီမဲစာရင်းတွေကို အတော်မှားနေတယ်။”

လွဲမှားနေတဲ့ မဲစာရင်းတွေကို ပြန်ပြင်ဖို့ လုပ်ဆောင်နေပြီး   UEC အနေနဲ့ အားစိုက်ပြီး လုပ်ဆောင်ဖို့ လိုနေတယ်လို့ ဦးလှဆွေက ပြောပါတယ်။

“အတော်ကို ပြန်ပြင်ရမယ် အဲဒါ တွေ့တယ်ဗျ။ ဘယ်သူတွေ အလုပ်ရှုပ်လဲဆိုတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ ကိုယ်တိုင် အားထုတ်ပြီးတော့ မဲရုံထဲကို လိုက်ကြည့်ပြီးတော့ ဓာတ်ပုံရိုက်ပြီးတော့ ဒီစာရင်းမှန်လား၊ မမှန်ဘူးလားဆိုတာ ရပ်ကွက်ထဲက လူတွေခေါ်ပြီး တိုက်ဆိုင်စစ်ဆေးတာတွေ လုပ်နေရမယ်။ ကျနော်တို့လည်း မဲရုံကိုယ်စားလှယ်တွေ ခန့်ထားတာဆိုတော့ အဲဒါ လူတွေကို ဓာတ်ပုံရိုက်၊ တဦးချင်းကိုစစ်၊ အခုဆိုပဲ တမြို့နယ် တမြို့နယ်ကို ရာနဲ့ချီ ကွာခြားနေတယ်ဗျာ။ ဒါတွေ UEC အနေနဲ့ အားထုတ်ရလိမ့်မယ်။”

ဇမ္ဗူသီရိမြို့နယ်ကနေ ဝင်ပြိုင်မယ့် မင်းကင်းမောင်မြင့်ရဲ့ မဲဆန္ဒနယ်မှာလည်း မဲစာရင်း အများအပြား မှားယွင်းနေတဲ့အတွက် ကြံ့ခိုင်ရေးပါတီဝင်တွေက စာရင်းနဲ့လူတိုက်ကာ ပြန်လည်စိစစ်တာတွေ လုပ်နေတယ်လို့ ပါတီဝင်တယောက်က ပြောပါတယ်။

“မဲစာရင်းက အတော်လေးကွာတာ၊ ၇၀၀ ကျော် ကွာတယ်။ နေပြည်တော်လို နေရာမှာတောင် ကွာရင် တခြားနေရာတွေဆို မပြောတတ်ဘူး။ ဇမ္ဗူသီရိမြို့နယ်က မဲစာရင်းကွာတာကို UEC ကို တင်ပြထားတယ်။ ဘယ်လိုလုပ်မလဲတော့ မသိဘူး။”

၂၀၂၀ ရွေးကောက်ပွဲလို မဖြစ်အောင် ၂၀၂၅ ရွေးကောက်ပွဲကို မှန်ကန်တိကျအောင် ဆောင်ရွက်သွားမယ်လို့ UEC ဥက္ကဋ္ဌ ဗိုလ်ချုပ်(ငြိမ်း) သန်းစိုးက မီဒီယာတွေနဲ့ တွေ့ဆုံစဥ်မှာ ပြောဆိုခဲ့ပေမဲ့ မဲစာရင်းတွေ ထုတ်ပြန်ရာမှာ မှားယွင်းနေတာ ဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်းတွေ မှားယွင်းတယ်လို့ အကြောင်းပြပြီး စစ်တပ်က အာဏာသိမ်းခဲ့တာ ဖြစ်ပြီး အခု ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲစာရင်းတွေ မှားယွင်းတာနဲ့ ပတ်သက်လို့ အာဏာသိမ်းစစ်တပ်က ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။

မဲစာရင်းတွေကို  ရွေးကောက်ပွဲ ကျင်းပမယ့် မြို့နယ်တွေမှာ ကြေညာထားပြီး လာရောက်ကြည့်ရှုကြဖို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက နှိုးဆော်နေပေမဲ့ ပြည်သူတွေက စိတ်ဝင်စားခြင်းမရှိသလို ကြည့်ရှုသူလည်း မရှိသလောက် နည်းပါးနေပါတယ်။ 

ဒီဇင်ဘာ ၂၈ ရက်မှာ စစ်အုပ်စုပြုလုပ်မယ့် ရွေးကောက်ပွဲကို ပါတီပေါင်း ၅၇ ပါတီက ကိုယ်စားလှယ် ၅,၀၀၀ ကျော် ဝင်ပြိုင်သွားမှာဖြစ်ပြီး အဲဒီထဲမှာ ကြံ့ခိုင်ရေးပါတီက အများဆုံး ဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013