
ချက်သမ္မတနိုင်ငံ လွှတ်တော်ရွေးကောက်ပွဲ မဲ ၉၀ ရာခိုင်နှုန်းကျော် ရေတွက်ပြီးချိန်မှာ “ထရမ့်ပ်ဝါဒီ” ဝန်ကြီးချုပ်ဟောင်း ဘီလျံနာသူဌေးကြီး အန်ဒရေဘာဘစ်ရဲ့ လက်ယာယိမ်း အများကြိုက်ဝါဒီ ANO ပါတီက အနိုင်ရခဲ့ပါတယ်။
ယူကရိန်းအပေါ် စစ်ရေးအကူအညီပေးတာကို ဆန့်ကျင်တဲ့ ဘာဘစ်ရဲ့ ANO ပါတီဟာ အောက်တိုဘာ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲ ၃၆ ရာခိုင်နှုန်းကျော်၊ အမတ်နေရာ ၈၀ နဲ့ ဝင်ပြိုင်တဲ့ပါတီတွေထဲမှာ အများဆုံးရထားတာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲရလဒ်ဟာ သမိုင်းဝင်ဖြစ်တယ်လို့ ကြွေးကြော်ခဲ့ပြီး မဲထက်ဝက်ကျော် မရပေမဲ့လို့ တပါတီတည်း အစိုးရဖွဲ့စည်းသွားဖို့ မျှော်လင့်တယ်လို့ ဘာဘစ်က ပြောကြားခဲ့ပါတယ်။
ANO ပါတီရဲ့ အဓိပ္ပာယ်အရှည်ဟာ မကျေမနပ်ဖြစ်နေကြတဲ့ နိုင်ငံသားများအတွက် ဆောင်ရွက်ချက်ပါတီလို့ အဓိပ္ပာယ်ရသလို အတိုကောက်အသံထွက် “အန်နို” ဆိုတာကကျတော့ Yes လို့ အဓိပ္ပာယ်ရပါတယ်။
လက်ရှိဝန်ကြီးချုပ် ပက်ထရာဖီယာလာ ဦးဆောင်တဲ့ ဗဟိုလက်ယာယိမ်း Spolu (အတူတကွ) ညွန့်ပေါင်းကတော့ မဲ ၂၂ ဒသမ ၄ ရာခိုင်နှုန်းအထိပဲ ရရှိထားပါတယ်။
ချက်လွှတ်တော်မှာ ANO ပါတီ နိုင်သွားတာဟာ ယူကရိန်းအတွက် ပြဿနာဖြစ်လာမယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။
ဖီယာလာ လက်ထက်တုန်းက ချက်သမ္မတနိုင်ငံဟာ ယူကရိန်းဘက်က တခဲနက် ရပ်တည်ပေးခဲ့တာ ဖြစ်ပေမဲ့ ဘာဘစ်ကတော့ သူ့ကိုယ်သူ ငြိမ်းချမ်းရေးလိုလားသူလို့ တံဆိပ်ကပ်ထားပြီး “ချက်ပထမ” ချဉ်းကပ်ပုံနဲ့ ဦးဆောင်သွားမယ်လို့ ပြောထားပါတယ်။
ဒါကြောင့် ဥရောပသမဂ္ဂမှာ ယူကရိန်းအပေါ် ထောက်ပံ့ရေးနဲ့ ရုရှားအပေါ် အရေးယူ ပိတ်ဆို့ရေး ဆန့်ကျင်တဲ့ နိုင်ငံတွေထဲမှာ ဟန်ဂေရီနဲ့ ဆလိုဗက်ကီးယားအပြင် ချက်နိုင်ငံပါ ပါဝင်လာတော့မယ်လို့ သုံးသပ်နေကြပါတယ်။
ANO ပါတီဟာ တပါတီတည်း အစိုးရဖွဲ့မယ် ပြောနေပေမဲ့ အမတ်ထက်ဝက်မကျော်တာကြောင့် အခက်အခဲရှိနိုင်ပြီး တခြားပါတီတခုခုနဲ့ ညွန့်ပေါင်းဖွဲ့ရနိုင်တယ် လို့လည်း လေ့လာသူတွေက သုံးသပ်ပါတယ်။
အဖြစ်နိုင်ဆုံး မိတ်ဖက်ကတော့ မဲ ၁၂ ရာခိုင်နှုန်းကျော် ရခဲ့တဲ့ လက်ယာစွန်း t Freedom and Direct Democracy (SPD) ဖြစ်ပါတယ်။
SPD ပါတီဟာ အွန်လိုင်းကြော်ငြာအတွက် တခြားပါတီအားလုံးထက် ငွေအများဆုံး သုံးခဲ့တဲ့ပါတီ ဖြစ်ပြီး ရုရှားဘက်က ဝါဒဖြန့်ပေးနေတဲ့ TikTok အကောင့်တွေ သုံးပြီး မဲဆွယ်တယ်လို့ စွပ်စွဲခံထားရပါတယ်။
Source: Reuters