
ဗုဒ္ဓဘာသာဝင်တွေ အထွတ်အမြတ်ထားရာ သီတင်းကျွတ်လပြည့်နေ့မှာ ဆီမီးပူဇော်နေတဲ့ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဘုံတိုရွာသားတွေကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်အသားအများအပြား သေဆုံးခဲ့ရသလို သေဆုံးခဲ့ရတဲ့အထဲ ကလေးငယ်တွေပါ ပါဝင်တဲ့အတွက် ဒီလိုတိုက်ခိုက်မှုမျိုးကို လက်မခံကြောင်း ဗြိတိန်နဲ့ သြစတြေးလျသံရုံးက ရှုတ်ချလိုက်ပါတယ်။
ဗြိတိန်သံရုံး အကြီးအကဲ အန်ဒရူးဂျက်ဆင်က “မြန်မာပြည်သူများအပေါ် အကြမ်းဖက်မှုများ ဆက်လက်ကျူးလွန်နေတဲ့ မြန်မာစစ်အစိုးရရဲ့ လုပ်ရပ်ကို ယူကေအစိုးရအနေနဲ့ ရှုတ်ချပါတယ်။ မြန်မာစစ်တပ် အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းများ အားလုံးအား အရပ်သားပြည်သူများ အထူးသဖြင့် ကလေးငယ်များကို အကာအကွယ်ပေးဖို့ တိုက်တွန်းပါတယ်။” လို့ ဆိုပါတယ်။
သြစတြေးလျသံရုံးကလည်း အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို အတားအဆီးမရှိ ဘေးကင်းလုံခြုံစွာ ပေးအပ်နိုင်စေဖို့၊ မတရား ထိန်းသိမ်းခံထားရတဲ့ အကျဥ်းသားတွေကို လွှတ်ပေးဖို့နဲ့ အားလုံးပါဝင်တဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဘုံတိုရွာမှာ အောက်တိုဘာ ၆ ရက်က သတင်းကျွတ်မီး ထွန်းပွဲနဲ့ ဆီမီးသပိတ် ပြုလုပ်နေတုန်း မုံရွာနမခက တက်လာတဲ့ ပါရာမော်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေ အပါအဝင် သေဆုံးသူ အယောက် ၄၀ ထက်မနည်း ရှိလာပြီ ဖြစ်ပါတယ်။