
မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ပျဥ်းမပင်ဆိပ်ကျေးရွာ အနောက်ဘက်ခြမ်းကို စစ်ကောင်စီတပ်က ဗုံးတလုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၅ ယောက် သေဆုံးပြီး ၈ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
အောက်တိုဘာ ၉ ရက် ည ၈ နာရီလောက်က စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် မိန်းကလေး ၃ ယောက်၊ ယောက်ျားလေး ၂ ယောက် သေဆုံးပြီး ၈ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့အပြင် နေအိမ် ၃ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က လေကြောင်းကို အဓိကထားပြီး ပြည်သူတွေ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ကျေးရွာတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်နေတာကြောင့် ပြည်သူတွေအနေနဲ့ အမှုမဲ့ အမှတ်မဲ့ မနေထိုင်ဘဲ အမြဲသတိနဲ့ နေထိုင်ကြဖို့ လိုအပ်တယ်လို့ သူက ပြောပါတယ်။
စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး လောလောဆယ် အတိအကျ မသိရသေးဘဲ အခုက သွားရောက်သတင်းရယူနေဆဲလို့ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ ၁၊ ဘီးလင်းမြို့နယ် တာဝန်ခံက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၂၄ ရက် မနက် ၁၀ နာရီခွဲလောက်က ကျိုက်ထိုမြို့နယ်၊ ငှက်ပျောတောကျေးရွာ အုပ်စု၊ ချမ်းမြေ့ရွာ ချမ်းမြေ့ပါရမီတောရဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဗုံးတလုံး ကြဲချ တိုက်ခိုက်ခဲ့တာကြောင့် သံဃာ ၂ ပါး ပျံလွန်တော်မူပြီး ၅ ပါး ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးထားတဲ့ နယ်မြေတွေကို ရွေးကောက်ပွဲမတိုင်မီ ပြန်လည်ရယူဖို့ မြေပြင်စစ်ကြောင်းထိုးတာနဲ့ လေကြောင်းတိုက်ခိုက်တာတွေကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေပါတယ်။