
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ပေါ်က ထွေအုပ်ရုံးနဲ့ ရဲစခန်းကို အောက်တိုဘာ ၁၀ ရက် မနက် ၈ နာရီမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒရုန်းယာဉ်နဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။
အခုလို တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က မြို့တွင်း လုံခြုံရေး ကင်းလှည့်စစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။
ချောင်းဦးမြို့ပေါ်က ဈေးဆိုင်ပိုင်ရှင်တယောက်က “ရဲစခန်းနဲ့ ထွေအုပ်ရုံးဘက်က ပေါက်ကွဲသံ ကြားလိုက်ရပြီး နောက်ပိုင်း မြို့တွင်းမှာ လူတွေ အကုန် လှုပ်လှုပ်ရှားရှား ဖြစ်ကုန်တယ်။ ငါတို့အိမ်က ဈေးရောင်းတယ်လေ။ အခုလိုဖြစ်လိုက်တော့ ဈေးမှာ ဈေးဆိုင်မဖွင့်ရဲဘဲ ပိတ်ပြီး ပြန်ခဲ့ရတယ်။ စစ်သားတွေဘက်ကလည်း အရပ်ဝတ်တွေနဲ့ရော၊ ယူနီဖောင်းတွေနဲ့ရော လမ်းပေါ်မှာ ရှုပ်ရှက်ခတ်နေတယ်။ ဗုံးအချခံရတဲ့ နေရာကတော့ အထိအခိုက်ရှိတယ်လို့ သိထားရတယ်ဟ။ အယောက်အရေအတွက် အတိအကျတော့ မသိရသေးဘူး” လို့ ပြောပါတယ်။
ချောင်းဦးမြို့ပေါ်က ထွေအုပ်ရုံးနဲ့ ရဲစခန်းကို ချောင်းဦးမြို့နယ် အညာမိုင်းစိုးမိသားစုအဖွဲ့က လုပ်ဆောင်ခဲ့တာလို့လည်း သိရပါတယ်။
အညာမိုင်းစိုးမိသားစုအဖွဲ့ တာဝန်ရှိသူက “ဒရုန်းယာဉ်နဲ့ ၂ ကြိမ် သွားချခဲ့တာ။ ထွေအုပ်ရုံးကို ဗုံးသီး ၂ လုံး တတွဲနဲ့ ရဲစခန်းထဲကို ၂ လုံးတွဲ ၂ ခု ကြဲချခဲ့တယ်။ ကျနော်တို့ စုံစမ်းကြည့်တဲ့အခါ ထွေအုပ်ရုံးထဲက စခ ၂ ကောင်၊ ရဲစခန်းထဲကတကောင် စုစုပေါင်း ၃ ကောင်ရ (သေ) ခဲ့တယ်ဗျ။ ကျနော်တို့ဘက်ကတော့ အထိအခိုက် မရှိခဲ့ဘူး” လို့ ပြောပါတယ်။
ချောင်းဦးမြို့နယ်အတွင်းက ဘုံတိုရွာကို စစ်တပ်က အောက်တိုဘာ ၆ ရက် ည ၈ နာရီနဲ့ ၁၁ နာရီမှာ စက်တပ်လေထီးနဲ့ ဗုံးကြဲချလို့ ပြည်သူတွေ သေဆုံးခဲ့ရတာကြောင့် အခုလို စစ်တပ်ဘက်ကို လက်တုံ့ပြန်တိုက်ခိုက်မှုကို ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြုလုပ်တာလည်း ဖြစ်ပါတယ်။