
တနင်္သာရီမြို့နယ်၊ တကူကျေးရွာကို စစ်တပ်က အောက်တိုဘာ ၁၀ ရက် ဒီမနက် ၉ နာရီကျော်မှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ပြည်သူတွေ ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ ဒေသခံတွေဆီက ကနဦးသိရပါတယ်။
စစ်ကောင်စီတပ်က တကူရွာစာသင်ကျောင်းနဲ့ ဈေးအနီးက မီးသတ်ဌာနကို ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “လေကြောင်းနဲ့ တိုက်ခိုက်ချိန်မှာ ဗုံးသီးအလုံးရေ များတယ်။ ရွာသားတွေ ထိခိုက်မှုများတယ်” လို့ ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုကြောင့် လမ်းသွားလမ်းလာ ဒေသခံတချို့နဲ့ ကျောင်းသား ကျောင်းသူတချို့ ထိခိုက်မှုရှိခဲ့တယ်လို့ ကနဦးသိရှိထားရပြီး အတိအကျကိုတော့ DVB အနေနဲ့ အတည်ပြုနိုင်ဖို့ ကြိုးစားနေဆဲပါ။
တကူရွာ ဒေသခံတယောက်က “လေယာဥ်လာတာနဲ့ အိမ်ထဲမှာနေနေရတာ။ မီးသတ်ကို ကြဲသွားမှန်း သိတယ်။ နောက်ထပ် လေယာဥ်တွေ ထပ်တက်လာမှာကြောက်လို့ ဘယ်သူမှ သွားမကြည့်ရဲကြသေးဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အခုလက်ရှိမှာတော့ ဒေသခံတွေ စိုးရိမ်ကြောက်လန့်နေရပြီး ဗုံးခိုကျင်းနဲ့ လုံခြုံတဲ့နေအိမ်တွေမှာ နေနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။