မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ထဲက စစ်ဘေးရှောင်တွေနေထိုင်တဲ့ ဘုန်းကြီးကျောင်းကို အောက်တိုဘာ ၈ ရက် မနက် ၈ နာရီခွဲဝန်းကျင်မှာ စစ်တပ်က ဗုံးကြဲတိုက်ခိုက်လို့ စစ်ဘေးရှောင် အမျိုးသမီးတယောက် သေဆုံးကာ ကလေးသူငယ်တွေ အပါအဝင် ၁၀ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံတယောက်က “နွားထိုးကြီးမြို့ရဲ့ တောင်ဘက်နားက မကျီးကုန်းရွာမှာ စစ်ဘေးရှောင်တွေ ယာယီနေထိုင်နေကြတဲ့ ဘုန်းကြီးကျောင်းကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသွားတာပါဗျ။ ဒဏ်ရာရတဲ့ သူတွေကတော့ ကလေးသူငယ်တွေ အပါအဝင် ၁၀ ယောက်ကျော်ရှိတယ်။ အဲဒီ ဒဏ်ရာရတဲ့သူတွေထဲက အမျိုးသမီးတယောက် ဆုံးသွားတယ်။ ကလေးတယောက်ဆို ပေါင်တဖက် ပြတ်သွားတယ်။ တခြား ဒဏ်ရာပြင်းထန်တဲ့သူတွေလည်း ရှိသေးတယ်” လို့ ပြောပါတယ်။
ဗုံးကြဲခံရမှုကြောင့် သေဆုံးသွားသူဟာ စစ်ဘေးရှောင်တယောက်ဖြစ်တဲ့ အသက် ၄၅ နှစ်အရွယ် ဒေါ်ကြင် ဖြစ်တယ်လို့လည်း ဆိုပါတယ်။
နွားထိုးကြီးမြို့နယ် လူ့အခွင့်အရေးတာဝန်ခံ ကိုရန်ကုန်က “အခုလဆန်းရက်ကစပြီးတော့ ကျနော်တို့ နွားထိုးကြီးမြို့နယ်ထဲမှာ လေကြောင်းတိုက်ခိုက်ခံရမှုတွေ ခပ်စိတ်စိတ်ဖြစ်လာသလို မြေပြင်စစ်ကြောင်းထိုးနေတာတွေ ရှိနေတယ်။ အခုဖြစ်စဥ်မှာ ဗုံးကြဲတိုက်ခိုက်သွားတဲ့ ဂျက်ဖိုက်တာက မိတ္ထီလာ ရှမ်းတဲလေတပ်ကနေ တက်လာတာ ဖြစ်တယ်။ ပြည်သူတွေအနေနဲ့ လူစုလူဝေးတွေ မလုပ်ကြဖို့နဲ့ လေယာဥ်လာရင်လည်း ထွက်ကြည့်တာတွေ မလုပ်ကြဖို့ တိုက်တွန်းချင်ပါတယ်” လို့ ပြောပါတယ်။
အခုရက်ပိုင်းမှာ နွားထိုးကြီးမြို့ရဲ့ တောင်ဘက်မှာရှိတဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်နေတာတွေ ရှိပြီး လေကြောင်းတိုက်ခိုက်တာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “၈ ရက်နေ့ကပဲ နွားထိုးကြီးမြို့ရဲ့ တောင်ဘက်နားက ရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ ရန်သူစစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်နေတာတွေ ရှိသလို သူတို့ဘက်က လေကြောင်းပစ်ကူတွေနဲ့ပါ ဗုံးကြဲနေတယ်။ ဒီဘက်က တော်လှန်ရေးရဲဘော်တချို့ ဒဏ်ရာရတာတွေ ရှိနေတယ်လို့လည်း သိရတယ်။ သက်ဆိုင်တဲ့ တပ်ဖွဲ့တွေဘက်ကတော့ သတင်းထုတ်ပြန်ပေးမှာပါ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ သူတို့ စစ်ကြောင်းထိုးနေတဲ့ နွားထိုးကြီးမြို့နယ် တောင်ဘက်ခြမ်းက ကျေးရွာတွေမှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတယ်လို့လည်း တော်လှန်ရေး တပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။