Home
မြန်မာသတင်း
​ရေနံမှော်များကို စစ်တပ်က လေကြောင်းတိုက်ခိုက်၊ ပြည်သူ ၅ ဦးထက်မနည်း သေဆုံး
DVB
·
October 9, 2025
Photo: မြိုင်ဒေါင်းမင်းနဲ့ စစ်ကြောင်းမှူးတဦး

မကွေးတိုင်း၊ ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ်အစပ်က ရေနံမှော်တွေကို အောက်တိုဘာ ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာ စစ်ကောင်စီတပ်က ​၂ ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်ခဲ့လို့ ရေနံမှော် လုပ်သား ၅ ယောက်ထက်မနည်း သေဆုံးခဲ့သလို ကလေးငယ်တွေ အပါအဝင် အများအပြား ဒဏ်ရာရရှိခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မြိုင်မြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင် ကိုအဏ္ဏဝါက “ပေါက်မြောက်ပိုင်းနဲ့ မြိုင်မြို့နယ် အစပ်မှာရှိတဲ့ ကျောက်ခွက်ရေနံမှော်နဲ့ သပြေညိုရေနံမှော်တွေကို ၂ ရက်ဆက်တိုက် ဗုံး​ကြဲခံလိုက်ရတာ ဖြစ်ပါတယ်။ ရေနံလုပ်သား အမျိုးသား ၄ ယောက်နဲ့ အမျိုးသမီးတယောက် စုစုပေါင်း ပြည်သူ ၅ ဦးထက်မနည်း သေဆုံးတယ်။ ကလေးငယ်တွေ အပါအဝင် အများအပြား ဒဏ်ရာရတယ်လို့ပဲ သတင်းဝင်ပါသေးတယ်ဗျ” လို့ ပြောပါတယ်။

စစ်တပ်ဟာ အဆိုပါရေနံမှော်တွေကို အောက်တိုဘာ ၇ ရက် မနက်ပိုင်းမှာ ပခုက္ကူ တပ်မ ၁၀၁ ကနေ တက်လာကြတဲ့ စက်တပ်လေထီး ၂ စီးနဲ့ ဗုံး ၃ ကြိမ် ကြဲချတိုက်ခိုက်သွားလို့ ရေနံမှော်လုပ်သား ၃ ယောက် ပွဲချင်းပြီးသေဆုံးခဲ့သလို အောက်တိုဘာ ၈ ရက် မနက်ပိုင်းကလည်း မုံရွာ နမခ ကနေ တက်လာကြတဲ့ ဂျိုင်ရိုကော့ပတာ ၃ စီးက ဗုံး ၃ ကြိမ် ထပ်မံကြဲချသွားလို့ ရေနံမှော်လုပ်သား အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက် ​ထပ်မံသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ပေါက်မြို့နယ်မှာ ရောက်ရှိနေတဲ့ တော်လှန်ရေးတပ်ဖွဲ့တခုရဲ့ စစ်ကြောင်းမှူးတယောက်က “၈ ရက်နေ့က ဗုံးကြဲခံရလို့ ဆုံးသွားတာက လင်မယား ၂ ယောက်ပါ။ သူတို့ရဲ့ ၇ နှစ် ၈ နှစ်အရွယ်လောက်ရှိတဲ့ သမီးလေးကတော့ ဒဏ်ရာရတာ တော်တော်လေးပြင်းထန်လို့ အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ သိရတယ်။ အဲဒီဘက်က ရေနံမှော်တွေဘက်မှာ တိုက်ပွဲဖြစ်တာ ရှိမနေပေမဲ့ ရန်သူ့စစ်ကြောင်း ဝင်နေတာရှိလို့ စစ်ရေးအခြေအနေ တင်းမာနေတာတော့ ရှိတယ်။ ရန်သူစစ်ကြောင်းရှိနေလို့လည်း မြေပြင်အခြေအနေကို အတိအကျ မသိရနိုင်သေးတာပါ” လို့ ပြောပါတယ်။

အောက်တိုဘာ ၇ ရက်ကလည်း စစ်ကောင်စီတပ် လက်အောက်ခံ ကပစ ၂၄ ကနေ အင်အား ၇၀ နီးပါးနဲ့ ထွက်လာတဲ့ စစ်ကြောင်းဟာ ပေါက်မြို့နယ်ထဲက တယ်ပင်ရေနံမှော်ဘက်မှာ စစ်ကြောင်းထိုးခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ်အစပ်မှာရှိတဲ့ ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏ ပြုလုပ်နေတာကြောင့် အပြစ်မဲ့ပြည်သူတွေ သေဆုံး ဒဏ်ရာရရှိနေတဲ့အတွက် ဒေသခံတွေအနေနဲ့လည်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းရန်အန္တရာယ်ကို အထူးသတိထားနေထိုင်ကြဖို့လည်း ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်တွန်း ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013