
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့ကို ဒီနေ့ အောက်တိုဘာ ၈ ရက် မနက် ၁၁ နာရီကျော်လောက်က မြို့ထဲ နေရာ ၃ နေရာကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂ ယောက် သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံအမျိုးသားတယောက်က “ဒီနေ့ မိုင်းငေါ့မှာ ကြဲသွားတာက ပေါင် ၂၅၀ ဗုံး နှစ်လုံးလို့ ပြောတယ်။ ဒေသခံ ၂ ယောက်လည်း သေသွားတယ်” လို့ ပြောပါတယ်။
မိုင်းငေါ့၊ မန်လုံရပ်ကွက်ထဲ ပေါင် ၂၅၀ ဗုံး ၂ လုံး၊ ဈေးရပ်ကွက်ထဲ ဗုံး ၂ လုံးနဲ့ တာလုံရပ်ကွက်ထဲ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ဗုံးကြောင့် အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတယောက်နဲ့ အမျိုးသား တယောက် ပွဲချင်းပြီး သေဆုံးပြီး ကလေးတယောက်နဲ့ အမျိုးသားတယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ဒီနေ့ အောက်တိုဘာ ၈ ရက်နေ့မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ မိုင်းငေါ့မြို့လယ် လူနေထူထပ်တဲ့ ရပ်ကွက်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ ၂ ယောက် သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်းက သတင်းထုတ်ပြန်ထားပါတယ်။
မိုင်းငေါ့မြို့မှာ အောက်တိုဘာ ၈ ရက် မနက် ၁၁ နာရီ ၅ မိနစ်လောက်က စစ်ကောင်စီတပ်က လေကြောင်းနဲ့ ပေါင် ၂၅၀ ဗုံး ၂ လုံးနဲ့ ရော့ကက်ဗုံး ၄ လုံး ကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံ အမျိုးသားတယောက်၊ အမျိုးသမီးတယောက် သေဆုံးပြီး ၂ ယေက် ထိမှန်ဒဏ်ရာရခဲ့ကာ နေအိမ် ၈ လုံး ပျက်စီးခဲ့ကြောင်း PSLF/TNLA သတင်းနဲ့ပြန်ကြားရေးဌာနကလည်း ထုတ်ပြန်ထားပါတယ်။
မနေ့ အောက်တိုဘာ ၇ ရက် နေ့လယ် ၁၂ နာရီခွဲ ဝန်းကျင်ခန့်ကလည်း ကျောက်မဲမြို့နယ်၊ မိုင်းလုံမြို့နယ်ခွဲ၊ မိုက်ဟုန်းရွာကို စစ်ကောင်စီက ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ကလေးငယ်တယောက်နဲ့ အမျိုးသား ၄ ယောက်၊ အမျိုးသမီး ၅ ယောက် သေဆုံးခဲ့ကာ ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ် ၆ လုံးလည်း ပျက်စီးခဲ့ပါတယ်။
စစ်ကောင်စီဘက်က ကျောက်မဲမြို့နယ်ကို ရွေးကောက်ပွဲကျင်းပမယ့် မြို့နယ်တွေထဲမှာ ထည့်သွင်းထားပြီး ကျောက်မဲမြို့ကို သိမ်းလိုက်ပြီးနောက် ကျောက်မဲမြို့နယ်အတွင်းက သီပေါ၊ မိုင်းလုံ၊ မိုင်းငေါ့ဘက် ဆက်တိုက် လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ကာ ပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေတာ တွေ့ရပါတယ်။