
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ မြို့တွေကို စစ်ကောင်စီတပ်က ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေတာကြောင့် အရပ်သား သေဆုံးထိခိုက်နေပြီး မြို့ခံအများစုလည်း ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာ ၈ ရက် ဒီနေ့မနက်မှာလည်း TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မိုင်းငေါ့မြို့ပေါ်ကို စစ်ကောင်စီတပ်က ပေါင် ၂၅၀ ဗုံး နှစ်လုံး ကြဲချခဲ့တာကြောင့် အမျိုးသမီးတယောက်နဲ့ အမျိုးသားယောက် စုစုပေါင်း ၂ ယောက်သေဆုံးပြီး နောက်ထပ် ၂ ယောက်လည်း ထိခိုက်ခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်နေ့ကတည်းက သီပေါ၊ နမ္မတူ၊ နမ့်ဆန်၊ မန်တုံ၊ မိုင်းလုံ၊ မိုင်းငေါ့ မြို့တွေကို ဆက်တိုက်ဗုံးကြဲနေပြီး အရေအတွက် အများဆုံး ဗုံးကြဲခံနေရတဲ့ နမ္မတူ မြို့ခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
မြေပြင်က စစ်ကြောင်းထိုးတာ မရှိပေမဲ့ အချိန်မရွေး ဗုံးကြဲခံရနိုင်တဲ့ အခြေအနေကြောင့် မြို့ကနေ ရှောင်သွားကြတာလို့ ဒေသခံတယောက်က DVB ကို ပြောပါတယ်။
“မြေပြင်က စစ်ကြောင်းထိုးတာ၊ တိုက်ပွဲဖြစ်တာတော့ မရှိဘူး။ ဒါပေမဲ့ စစ်ကောင်စီ နေ့တိုင်းလိုလို ဗုံးကြဲနေတာ။ အဲဒီထဲမှာ နမ္မတူက အများဆုံး ဗုံးကြဲခံနေရတာ တပတ်အတွင်းမှာကို ကြဲခံရတာ သုံးကြိမ်ရှိနေပြီ၊ ထပ်ပြီးတော့ လာကြဲနိုင်တယ်။ အဲဒါကြောင့် ဒေသခံတွေ စိုးရိမ်ပြီး ဘေးလွတ်ရာကို ရှောင်ကြတာ။ မြို့ထဲမှာတော့ အိမ်စောင့်လောက်ပဲ ကျန်တာ၊ အများစုကတော့ ရှောင်ကြပြီ။ နီးစပ်ရာနဲ့ လားရှိုးဘက်တွေကို ရှောင်ကြတယ်။”
အောက်တိုဘာ ၇ ရက် မနေ့က တရက်တည်းမှာတင် TNLA အုပ်ချုပ်တဲ့ နမ္မတူ၊ မိုင်းလုံ မြို့နှစ်မြို့ကို ဆက်တိုက်ဗုံးကြဲခဲ့ပြီး မိုင်းလုံမြို့မှာ ကလေးတယောက် အပါအဝင် ၁၀ ယောက် သေဆုံးကာ ၃ ယောက် ထိခိုက်ခဲ့သလို သာသနာ့အဆောက်အအုံနဲ့ နေအိမ်တွေလည်း ပျက်စီးခဲ့ပါတယ်။
ကျောက်မဲမြို့ကို စစ်ကောင်စီ ပြန်ထိန်းချုပ်ပြီးနောက် မြေပြင်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးတာ မရှိသေးပေမဲ့ နေ့စဉ်ရက်ဆက် ဗုံးကြဲနေတာကြောင့် ကျန်မြို့တွေက ဒေသခံ တချို့လည်း တိမ်းရှောင်ဖို့ ပြင်နေကြတယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၂ ရက်ကနေ ၈ ရက်အထိ တပတ်အတွင်း TNLA ထိန်းချုပ်မြို့တွေကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးအပါအဝင် လူ ၂၀ ခန့် သေဆုံးပြီး နောက်ထပ် ၂၀ ကျော်လည်း ထိခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။