
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲက ကျားတတ်ကျေးရွာကို စစ်ကောင်စီတပ်က အောက်တိုဘာ ၇ ရက် နေ့လယ်ပိုင်းမှာ ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတယောက် ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မုံရွာမြို့အနီးတဝိုက်က ကျေးရွာတွေကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ကင်းထောက်တာတွေ လုပ်နေပြီး စက်တပ်လေထီးတွေ၊ ဂျိုင်ရိုကော်ပတာတွေနဲ့ ဗုံးကြဲတာတွေကိုပါ ဆက်တိုက် လုပ်ဆောင်လာနေတယ်လို့ ဆိုပါတယ်။
ကျားတတ်ကျေးရွာ နေထိုင်သူတယောက်က “အောက်တိုဘာ ၇ ရက်နေ့ နေ့လယ်ပိုင်းက ဗုံးလာကြဲတာ၊ စက်တပ်လေထီး မဟုတ်ဘူး၊ ဟတ်စကီးလေယာဥ်ပုံစံ၊ လူကိုယ်တိုင်မောင်းရတဲ့ ဂျိုင်ရိုကော်ပတာ အသေးစားနဲ့ ဗုံကြဲတာ၊ ရွာက အမျိုးသမီးတယောက် ဗုံးစထိမှန်ပြီး ဆုံးသွားတယ်” လို့ ပြောပါတယ်။
ဒီရက်ထဲမှာ စက်တပ်လေထီးတွေ၊ ဒရုန်းတွေနဲ့ ဂျိုင်ရိုကော်ပတာတွေကို မုံရွာမြို့မှာရှိတဲ့ နမခ တိုင်းရုံးထဲကနေ တိုက်ရိုက်ပျံသန်းတာတွေ လုပ်နေပြီး ဆားလင်းကြီးမြို့နယ်ထဲမှာရှိတဲ့ တရုတ် ဝမ်ပေါင် ကြေးနီစီမံကိန်း ဆိုက်ထဲကနေလည်း ကင်းထောက်ဒရုန်း စက်တင်ဘာ ၇ ရက်နေ့မှာပဲ မိုးပေါ်ကို ပျံဝဲတာ တွေ့ရတယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၆ ရက် သီတင်းကျွတ်လပြည့်နေ့ ညကလည်း စစ်ကောင်စီ နမခ တိုင်းစစ်ဌာနချုပ်ထဲက ပျံသန်းလာတဲ့ စက်တပ်လေထီးက မုံရွာ ချောင်းဦးနယ်အစပ်က ဆီမီးထွန်း ပူဇော်နေကြတဲ့ ဒေသခံတွေကို ၁၂၀ မမ ဗုံးသီးတွေနဲ့ ကြဲချခဲ့လို့ ဆီမီးပူဇော်ကြတဲ့ ဒေသခံ အယောက် ၂၀ ထက်မနည်း သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့သူလည်း အများအပြားရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။