Home
ဆောင်းပါး
လေကြောင်းအားကိုး၍ ခေါင်းထောင်လာသည့် စစ်ကောင်စီကို တန်ပြန်ရန် တော်လှန်အင်အားစုများ စုစည်းရန်လို 
DVB
·
October 7, 2025

စစ်ကောင်စီက ဝေဟင်စစ်ဆင်ရေးကို အဆင့်မြှင့်တင်ခဲ့ကာ အမိန့်ပေးစနစ်ကိုပါ ပြောင်းလဲပြီးနောက် နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှုကို မြန်မြန်နဲ့ အရေအတွက်များများ ပိုမိုပြုလုပ်လာနိုင်တယ်လို့  CDM စစ်သားတွေနဲ့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှု ပိုတိုးလုပ်နေတာကြောင့် နေ့စဉ် အရပ်သား ထိခိုက်သေဆုံးနေရသလို လက်လွှတ်ခဲ့တဲ့ နယ်မြေတချို့ကိုလည်း ဝေဟင်ကို အားပြုကာ ပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ တန်ပြန်ထိုးစစ်နဲ့ ဝေဟင်စစ်ဆင်ရေးတွေကို တန်ပြန်ဖို့ တော်လှန်ရေးအင်အားစုတွေကြား စစ်ရေး၊ နိုင်ငံရေးအရ စုစည်းနိုင်ဖို့ လိုအပ်တယ်လို့ နိုင်ငံရေး သုံးသပ်သူတွေနဲ့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

စစ်ကောင်စီအတွက် အဓိက အားသာချက်ဖြစ်တဲ့ ဝေဟင်စစ်ဆင်ရေးကို အပြောင်းအလဲတွေ ပြုလုပ်ခဲ့ပြီးနောက် အရပ်သားပစ်မှတ်နဲ့ စစ်မျက်နှာပြင်တွေမှာ လေကြောင်းတိုက်ခိုက်မှုကို အရေတွက်များများနဲ့ မြန်မြန်ဆန်ဆန် အသုံးပြုလာနေတယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

ပါရာမော်တာ၊ ဂျိုင်ရိုကော့ပတာ၊ ဒရုန်း၊ ဂျက်ဖိုက်တာစတဲ့ ဝေဟင် စစ်ဆင်ရေး နည်းလမ်းပေါင်းစုံကို အသုံးပြုကာ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မြို့၊ ရွာတွေကို အဆက်မပြတ် ဗုံးကြဲနေလို့ နေ့စဉ် အရပ်သား ထိခိုက်သေဆုံးနေရပြီး စစ်ကောင်စီ လက်လွှတ်ခဲ့ရတဲ့ နယ်မြေတချို့ကိုလည်း ပြန်လည် သိမ်းယူနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်မှာ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က ပြန်လည်သိမ်းယူနိုင်ခဲ့ပြီး သီပေါမြို့ကို ဆက်ပြီး ထိုးစစ်ဆင်ဖို့ စစ်ကောင်စီတပ်က ပြင်ဆင်နေပါတယ်။

၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA သိမ်းယူထားတဲ့ နောင်ချိုနဲ့ ကျောက်မဲကို စစ်ကောင်စီတပ်က ဝေဟင် စစ်ဆင်ရေးကို အားပြုပြီး မြေပြင်တပ်သား အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာကြောင့် ပြန်လည်လက်လွှတ်ခဲ့ရတာလို့ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက DVB ကို ပြောပါတယ်။

“အရင်တုန်းကဆို လေကြောင်းက ခပ်စိပ်စိပ်ပဲပေါ့နော်။ သူတို့ဘက်က အထိနာမှ ဆိုတဲ့အချိန်မှာ သုံးတာတွေ့ရပါတယ်။ ဒီတလောမှာက သူတို့က ထိုးစစ်ဆင်လုပ်ပြီဆို နံပါတ်တစ်က သူတို့ လေကြောင်းကို သုံးတာတွေ့ရတယ်။ Y 12 တို့နဲ့ တစ်နာရီ၊ နှစ်နာရီကြာ လာပစ်တာမျိုးတွေ ရှိတယ်။ ဒရုန်းတွေပေါ့နော်။ ဒရုန်းတွေမှာ အဆင့်မြင့်တာ ရှိတယ်။ ပြီးတော့ အသေခံ ဒရုန်းတွေ သုံးတာ တွေ့ရတယ်။ အဆိပ်ငွေ့တွေ သုံးတာ တွေ့ရတယ်။ အဲဒါကတော့ လက်နက်ခဲယမ်းပိုင်းပေါ့။ နောက်တခုကတော့ လူအင်အားပေါ့။ လူသားအရင်းမြစ်မှာဆို စစ်ကောင်စီက နိုင်ငံတဝန်း သူရှိနေတော့ လူသားအရင်းမြစ်က သူ သုံးနိုင်တဲ့ အခြေအနေ တွေ့ရတယ်။ လူအင်အားအရင်းမြစ်ရော လက်နက်ခဲယမ်းရော သာလွန်နေတာ တွေ့ရပါတယ်။“

စစ်ကောင်စီတပ်က ကျောက်မဲမြို့ကို ပြန်လည်ထိန်းချုပ်လိုက်ပြီးနောက် TNLA ထိန်းချုပ်ထားတဲ့ သီပေါ၊ နမ္မတူ၊ နမ့်ဆန်၊ မန်တုံ စတဲ့မြို့တွေကို လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲနေတာကြောင့် ကလေးအပါဝင် ၆ ယောက် သေဆုံးပြီး ၁၀ ယောက် ကျော် ထိခိုက်ခဲ့ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ ထိန်းချုပ်ထားတဲ့ မြို့၊ ရွာတွေကို တိုက်လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့ နေ့စဉ် ဗုံးကြဲနေပြီး စစ်ကိုင်း၊ မကွေး၊ မန္တလေး အညာမြေပြန့်ဒေသမှာလည်း ကုန်ကျစရိတ် သက်သက်သာသာနဲ့ အရေအတွက်တွက်များများ ဗုံးကြဲနိုင်တဲ့ ပါရာမော်တာ၊ ဂျိုင်ရိုကော့ပတာတွေကို စစ်ကောင်စီ အသုံးများလာပါတယ်။

စက်တင်ဘာလ အစောပိုင်းမှာ အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နမခ)ကို ဂျိုင်ရိုကော့ပတာ (Gyrocopter) ၃ စီးရောက်လာပြီးနောက် စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းမှာ ဂျိုင်ရိုကော့ပတာနဲ့ နေ့စဉ် ဗုံးကြဲနေတာကြောင့် အရပ်သား ထိခိုက်သေဆုံးနေရတယ်လို့ ကာကွယ်ရေးတပ်တွေက ပြောပါတယ်။

အညာမြေပြန့် ဒေသမှာ လေကြာင်းတိုက်မှု အများဆုံးပြုလုပ်နေတဲ့ Mi-35 ရဟတ်ယာဉ်အစား ဆီစားနှုန်းနဲ့ ကုန်ကျစရိတ် သက်သာတဲ့ ဂျိုင်ရိုကော့ပတာနဲ့ အရပ်သားတွေကို နေ့စဉ် ဗုံးကြဲနေတယ်လို့ People's Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား)က DVB ကို ပြောပါတယ်။

“နမခမှာတော့ အခုက Mi 35 အစားကိုမှ ပါရာမော်တာနဲ့ ဂျိုင်ရိုကော့ပတာကိုပဲ အသုံးပြု တိုက်ခိုက်နေတာ။ သူတို့က ဆီချွေတာ တာလည်း ပါမယ်။ နောက်ပြီးတော့ ပါရာမော်တာ ဆိုရင်လည်း တရက်ကို ၂ စီး၊ ၃ စီး ပျံသန်းပြီး တိုက်ခိုက်တယ်။ နောက်ပြီး ဂျိုင်ရိုကော့ပတာ ဆိုရင်လည်း ၃ စီး တအုပ် ရောက်ထားတယ်။ တခါတက်ရင် ၃ စီးလုံး တပြိုင်နက် တက်ပြီးတော့ တိုက်ခိုက်တယ်။ တိုက်ပွဲဖြစ်ဖြစ် မဖြစ်ဖြစ် ပါရာမော်တာ၊ ဂျိုင်ရိုကော့ပတာ ဆိုတာက နေ့စဉ်နေ့တိုင်း နမခက ပျံတက်ပြီးတော့ ဗုံးကြဲတိုက်ခိုက် သတ်ဖြတ်နေတာပေါ့နော်။ အရပ်သားပြည်သူတွေ နေထိုင်တဲ့ နေရာတွေကို။”

ဂျိုင်ရိုကော့ပတာဟာ လေထဲမှာ ၄ နာရီလောက်ကြာ ပျံသန်းနိုင်ပြီး ၂၃၅ မိုင်ခန့်အကွာဝေး သွားနိုင်တာကြောင့် မုံရွာ (နမခ)ကနေ စစ်ကိုင်းတိုင်းအတွင်းသာမက မကွေးတိုင်း၊ မန္တလေးတိုင်ထဲကိုပါ ဝေဟင်ကနေ ဗုံးကြဲနေတယ်လို့ ကာကွယ်ရေးတပ်တွေက ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ လေကြောင်းတိုက်ခိုက်ရေး လေယာဉ်တွေကို ပိုအသုံးပြုနိုင်ဖို့အတွက် အညာမြေပြန့်မှာ တိုက်ခိုက်ရေး လေယာဉ်အစား အပျော်စီး စက်တပ်လေထီး ပါရာမော်တာနဲ့ သုတေသနသုံး ရဟတ်ယာဉ်အမျိုးစား ဂျိုင်ရိုကော့ပတာကို အသုံးပြုလာတာလို့ ဆိုပါတယ်။

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ရေး အမိန့်ပေးတဲ့စနစ်ကို အပြောင်းလဲလုပ်ပြီးနောက် အရင်ကထက် လေကြောင်းပစ်ကူကို မြန်မြန်ဆန်ဆန်နဲ့ အရေတွက်များများ အသုံးပြုလာနိုင်ပြီး ဝေဟင်က စစ်ဆင်ရေးကိုလည်း အဆင့်မြှင့်တင်လာတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ (MDSI)က ပြီးခဲတဲ့ မေလထဲမှာ ထုတ်ပြန်ထားပါတယ်။

အစောပိုင်းက လေကြောင်းပစ်ကူရဖို့ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဗဟိုအထိ အဆင့်ဆင့် တင်ပြရပြီး ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အမိန့်ပေး ဆုံးဖြတ်ရတာပါ။

ဒါပေမဲ့ ဒီနှစ်စောပိုင်းကစပြီး အရေးပေါ် လေကြောင်းပစ်ကူအတွက် မြေပြင် စစ်ဆင်ရေးတပ်မှူး၊ တပ်မမှူးနဲ့ တိုင်းမှူးတွေမှာ တိုက်ရိုက်တောင်းခံနိုင်တဲ့အထိ အမိန့်စီးဆင်းမှုကို ချုံ့ခဲ့တယ်လို့ MDSI ကဆိုပါတယ်။

စစ်ကောင်စီတပ်က တိုင်းရင်းသားဒေသနဲ့ အညာမြေပြန့်မှာပါ ဝေဟင် စစ်ဆင်ရေးမှာ အသာစီးရဖို့ မတူညီတဲ့ နည်းလမ်းပေါင်းစုံကို အသုံးပြုလာတယ်လို့ CDM ဗိုလ်ကြီး ဇင်ယော်က DVB ကို ပြောပါတယ်။

“စစ်တပ်က မြေပြင်စစ်ပွဲတွေမှာ လေကြောင်း အလေးသာမှု ဆိုတဲ့ဟာကိုပဲ တစိုက်မတ်မတ် အသုံးချလာတာ ဖြစ်တဲ့အတွက် သူတို့အတွက် ပြောင်းပြန်ဆိုးကျိုးက လေယာဉ်မပါရင် အောက်က အဖွဲ့တွေက စစ်မတိုက်တတ်တော့ဘူး။ ဟိုအရင်တွေတုန်းက လေယာဉ်အကူတောင်းဖို့ဆိုတာ ဗိုလ်တယောက်တောင် တောင်းလို့မရဘူး။ အခုခေတ်မှာက ပြည်သူ့စစ်ကပါ တောင်းလာတယ်။ လေယာဉ်မလာရင် ကျမယ်၊ မကျရင်တောင် နာမယ်ဆိုတဲ့ ပုံစံမျိုးတွေ ဖြစ်လာတယ်။ အဲဒီတော့ ဂျိုင်ရိုကော့ပတာတို့ ပါရာမော်တာတို့ကို တွင်တွင်ကျယ်ကျယ် သုံးလာတယ်။ ဒါ့အပြင် ဒရုန်းနဲ့ ကင်းထောက်တာတွေ ဒရုန်းတိုက်ခိုက်မှုမှာလည်း စိုးမိုးလာအောင် အဓိက လေကြောင်း အလေးသာမှု ဆိုတဲ့ဟာကို နည်းပေါင်းစုံနဲ့ အားပြုလာတယ်လို့ ပြောရမယ်။“

နိုင်ငံတဝန်း အရှိန်ကောင်းကောင်းနဲ့ လေကြောင်းတိုက်ခိုက်နိုင်ဖို့ လိုအပ်တဲ့ ဗုံးသီးတွေကို စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ)တွေမှာ ထုတ်လုပ်နေပြီး တိုက်ခိုက်ရေးလေယာဉ်၊ ဆက်စပ်ပစ္စည်းနဲ့ လေယာဉ်ဆီကို ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင် တရုတ်နဲ့ ရုရှားနိုင်ငံတို့က အဓိက ကျောထောက်နောက်ခံ ပေးထားတာပါ။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက်မှာလည်း ရုရှားနိုင်ငံကနေ ဝယ်ယူထားထဲ့ Mi-38 ရဟတ်ယာဉ် ၃ စင်း နေပြည်တော်လေတပ်ကို ရောက်ရှိလာခဲ့သလို အာဏာသိမ်းပြီးနောက် ဂျတ်တိုက်ခိုက်ရေးလေယာဉ်အနေနဲ့ တရုတ်ကနေ FTC-2000G  ၆ စင်းနဲ့ ရုရှားကနေ Su-30 ၆ စင်း စစ်ကောင်စီလေတပ်က ဝယ်ယူအားဖြည့်ထားပါတယ်။

အာဏာသိမ်းပြီးနောက်မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က စစ်ကောင်စီရဲ့ စစ်လေယာဉ် ၅ စင်းအထိ ပစ်ချခဲ့သလို တခြားတော်လှန်ရေးအဖွဲ့တွေလည်း စစ်လေယာဉ်တွေ ပစ်ချနိုင်တာတွေ ရှိပေမဲ့ စစ်ကောင်စီရဲ့ ဝေဟင်ကို ဟန့်တားနိုင်တဲ့ အခြေအနေ မရှိသေးဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီက အဆင့်မြင့် ပြောင်းလဲလာတဲ့ ဝေဟင် စစ်ဆင်ရေးနဲ့ မြေပြင် ထိုးစစ်တွေကို တန်ပြန်နိုင်ဖို့ တော်လှန်ရေးအင်အားစုတွေကြား စစ်ရေး၊ နိုင်ငံရေး စုစည်းနိုင်ဖို့ အရေးကြီးတယ်လို့ နိုင်ငံရေးနဲ့ စစ်ရေး သုံးသပ်သူတွေက ပြောပါတယ်။

ဒါပေမဲ့ တော်လှန်ရေးအင်အားစုတွေဟာ စစ်ကောင်စီကို တိုက်ခိုက်တဲ့နေရာမှာ တူညီကြပေမဲ့ နိုင်ငံရေးရပ်တည်ချက် မတူတာကြောင့် နိုင်ငံရေးအရ စုဖွဲ့နိုင်ဖို့ ခက်ခဲတယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက DVB ကို ပြောပါတယ်။

“ကျနော် မြင်တာကတော့ ကျနော်တို့ တော်လှန်ရေးအဖွဲ့စည်းတွေ တဖွဲ့နဲ့တဖွဲ့ကတော့ ရပ်တည်ချက် မတူဘူး၊ ခံယူချက်တွေလည်း မတူဘူး။ တူတာကတော့ စစ်ကော်မရှင်ကို တိုက်တဲ့နေရာမှာ ကျနော်တို့ တူပါတယ်။ ဒါပေမဲ့ ရပ်တည်ချက်တွေ၊ ရည်မှန်းချက်တွေကတော့ သိပ်မတူကြဘူး။ ဒါကြောင့် စည်းစည်းလုံးလုံး ဖြစ်ဖို့ကတော့ အခက်ခဲတွေ ရှိတယ်လို့ မြင်ပါတယ်။”

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်မှာ ကချင်ပြည်နယ်၊ ဆဒုံးမြို့ ဈေးနေရာကို လေကြာင်းနဲ့ ဗုံးကြဲလို့ ကလေး အပါဝင် ၁၁ ယောက် ခန့်သေဆုံးခဲ့တဲ့ ဖြစ်စဉ်ဟာ စစ်ကောင်စီအနေနဲ့ စစ်ရာဇဝတ်မှုကို အလေးမထားတော့ဘဲ အရပ်သားပစ်မှတ်တွေ ပိုပြီးတိုက်ခိုက်လာတာလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုကို ဒီနှစ်ထဲ ပိုတိုးလုပ်လာပြီး မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ပြုစုထားတဲ့ စာရင်းအရ နိုင်ငံတဝန်း ၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလအထိ ၂,၆၁၅ ကြိမ်ထက်မနည်း လေကြောင်းတိုက်ခိုက်ခဲ့ပြီး အရပ်သား ၂,၀၀၀ နီးပါး (၁၉၈၃ ဦး) သေဆုံးခဲ့တယ်လို့ ဖော်ပြပါတယ်။

တရုတ်ဖိအားနဲ့ အရှိန်လျော့သွားတဲ့ တော်လှန်ရေးတပ်တွေရဲ့ ထိုးစစ်ကို စစ်ကောင်စီတပ်က ဝေဟင် အပြောင်းလဲ ပြုလုပ်ပြီး စစ်မှုထမ်းအင်အားဖြည့်ပြီး တန်ပြန်ထိုးစစ်ဆင်ကာ ကချင်၊ ရှမ်းမြောက်၊ မန္တလေးအထက်ပိုင်း၊ ကရင်နီ၊ ကရင်ပြည်နယ်က စစ်ရေး၊ စီးပွားရေးအတွက် ဗျူဟာအရ အ‌ရေးပါတဲ့ နေရာတချို့ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။

တော်လှန်ရေးအင်အားစုတွေကြား စစ်ရေး၊ နိုင်ငံရေးအရ စုစည်းနိုင်မှု အား‌နည်းနေတဲ့ အခြေအနေဟာ စစ်ကောင်စီအတွက် အားသာချက်ဖြစ်နေပြီး တော်လှန်ရေးတပ်တွေကြား နိုင်ငံရေးအရ စုဖွဲ့နိုင်ဖို့ လက်ရှိအချိန်အထိ ခက်ခဲနေဆဲပဲလို့ နိုင်ငံရေးသုံးသပ်သူတွေနဲ့ တော်လှန်ရေးအင်အားစုတွေက ပြောဆိုကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024