
စစ်တပ်က ရွေးကောက်ပွဲလုပ်ဖို့ အာရက္ခတပ်တော် (AA) သိမ်းထားတဲ့ မြို့နယ် ၁၄ ခု ထဲက ၄ မြို့ကို ပြန်သိမ်းဖို့ဆိုပြီး ကြုံးဝါးနေပေမဲ့ တကယ်တမ်းမှာတော့ အနားမကပ်နိုင် ဖြစ်နေသေးတယ်လို့ ရခိုင့်နိုင်ငံရေး လေ့လာသူတွေက ပြောပါတယ်။
အဲဒီ ၄ မြို့ကတော့ ရခိုင်ပြည်နယ်တောင်ပိုင်းက မြို့တွေဖြစ်တဲ့ ဂွ၊ သံတွဲ၊ တောင်ကုတ်နဲ့ အမ်းမြို့နယ်တွေပဲ ဖြစ်ပါတယ်။
တပ်တွင်း သတင်းရင်းမြစ်တွေအရ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ မြို့နယ် ၁၄ ခုထဲက ၁၀ ခုမှာ ရွေးကောက်ပွဲ မလုပ်ပေမဲ့ ကျန်မြို့နယ် ၄ ခုကို ထိုးစစ်ဆင်ပြီး ရွေးကောက်ပွဲလုပ်ဖို့ စီစဉ်နေတယ်လို့ ဖော်ပြနေကြတာပါ။
ရခိုင်ဒေသခံတယောက်က “တောင်ကုတ်ကို အရင် ပြန်သိမ်းကြည့်ပါဦး။ မအလ စစ်တပ်က တောင်ကုတ်ကို ဗုံးကြဲတယ်။ ကြဲတာကလည်း ဘုန်းကြီးကျောင်းကိုကြဲတာ။ အဲဒီဟာလောက် ကြဲတာလောက်နဲ့ ပြန်သိမ်းနိုင်မယ် ထင်လို့လားလို့ မေးချင်တယ်ဗျာ။ မဖြစ်နိုင်တာကို စိတ်ကူးယဉ်နေတာပါ။ မြေပြင်မှာက စစ်တပ်အနေနဲ့ ပြန်သိမ်းဖို့ လုံး၀မလွယ်ကူဘူး။ ကျနော်တို့ ပြောချင်တာက ဂွ၊ သံတွဲ၊ တောင်ကုတ်နဲ့ အမ်းမှာလည်း သူတို့ ရွေးကောက်ပွဲလုပ်လို့ မရစေရပါဘူး” လို့ ပြောပါတယ်။
လက်ရှိမှာ အဲဒီ ၄ မြို့နယ်ကို လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံးတွေ ဆက်တိုက်ကြဲချနေလို့ အရပ်သား သေဆုံးဒဏ်ရာရသူတွေလည်း ရှိနေတယ်လို့ မကြာသေးခင်က ဗုံးကြဲခံရတဲ့ သံတွဲဒေသခံ တယောက်က ပြောပါတယ်။
စက်တင်ဘာ ၁၄ ရက်က စစ်တပ်ဩဇာခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) ရဲ့ ထုတ်ပြန်ချက်မှာ အာရက္ခတပ်တော် (AA) ထံ ဆုံးရှုံးထားတဲ့ မြို့နယ်တွေထဲက မြို့နယ် ၁၀ ခုမှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အားလုံးမှာ ရွေးကောက်ပွဲ မလုပ်နိုင်ဘူးလို့ ဖော်ပြထားပါတယ်။
ရွေးကောက်ပွဲမလုပ်နိုင်တဲ့ မြို့နယ်တွေကတော့ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲတို့ ဖြစ်ပါတယ်။
UEC ထုတ်ပြန်ချက်အရ အာရက္ခတပ်တော် (AA) မထိန်းချုပ်ထားသေးတဲ့ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင် ၃ မြို့နယ်မှာတော့ ရွေးကောက်ပွဲ ပထမပိုင်းကို ပြုလုပ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။